
စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကျေးရွာ ၂ ရွာက ဘုန်းကြီးကျောင်းနဲ့ တိုက်နယ်ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီဝန်းကျင်က နတ်ချောင်းရွာ တိုက်နယ်ဆေးရုံနဲ့ နွားရွာကျေးရွာက ဘုန်းကြီးကျောင်းအနီးကို တိုက်လေယာဉ်နဲ့ ဗုံးကြဲသွားခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီက နတ်ချောင်းတိုက်နယ်ဆေးရုံက သံဃာတော်တွေကုသတဲ့ ဆေးရုံအဆောင်ပေါ် တည့်တည့်ကို ဗုံးကြဲသွားခဲ့သလို နွားရွာဘုန်းကြီးကျောင်း အရှေ့ဘက်ကို ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးကျောင်းဆောင်တခြမ်း ထိပျက်စီးသွားခဲ့တယ်လို့ ကလေးနယ်တောင်ပိုင်းက ဒေသခံတွေက DVB ကို ပြောပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်တာ မရှိခဲ့ပေမဲ့ နွားတကောင် ခြေတဖက် ဖြတ်လိုက်ရပြီး နတ်ချောင်းရွာက နေအိမ်တွေအများအပြား လက်နက်ကြီးစမှန်ပြီး ထိခိုက်သွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် နတ်ချောင်းတိုက်နယ်ဆေးရုံရဲ့ လမ်းတဖက်မှာရှိတဲ့ ကျေးလက်ဈေးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ရပြီလို့ နတ်ချောင်းရွာသားတယောက်က ပြောပါတယ်။
စစ်ကောင်စီက မြေပြင်မှာ တိုက်ပွဲမရှိဘဲ အရပ်သားတွေနေတဲ့ ကျေးရွာတွေဘက်ကို လေကြောင်းကနေ တိုက်ခိုက်နေတာလို့ ဒေသခံတွေက ပြောထားပြီး လေကြောင်းတိုက်ခိုက်မှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြောဆိုထားတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၁၄ ရက် မနက်ကလည်း စစ်ကောင်စီက နတ်ချောင်းတိုက်နယ်ဆေးရုံကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။