Home
မြန်မာသတင်း
နောင်ချိုတွင် စစ်တပ်က အဆိပ်ငွေ့ဗုံးသုံး တိုက်ခိုက်၊ TNLA တပ်ဖွဲ့ဝင် ၁၀ ဦး ဒဏ်ရာရ
DVB
·
February 24, 2025

ရှမ်းပြည်နယ်အရှေ့ပိုင်း  နောင်ချိုမြို့နယ်မှာ  ဖေဖော်ဝါရီ ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့  တိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် တပ်ဖွဲ့ဝင် ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်၊ တောင်ရှည်ရွာနဲ့ မန်မော်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ မနေ့ကတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တာကြောင့် TNLA တပ်ဖွဲ့ဝင် ၁၀ ယောက် ဒဏ်ရာရပြီး ၄ ယောက် ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။

TNLA စစ်ရေးသတင်းအရင်းမြစ်တယောက်က “ဒဏ်ရာရတဲ့ ရဲဘော်တွေကို ဆေးရုံတင်ပေးထားပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ ၄ ဦးရဲ့ အခြေအနေတော့ မသိရသေးဘူး။ တိုက်ပွဲကတော့ တော်တော်ဖြစ်နေတယ်လို့ သတင်းရပါတယ်။ အသေးစိတ် အခြေအနေတွေတော့ မသိနိုင်သေးပါဘူး။ စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ခုခံနေပါတယ်” လို့ ပြောပါတယ်။

အဆိပ်ငွေ့ဗုံးသင့်ခဲ့တဲ့ TNLA တပ်သားတွေဟာ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာဖြစ်ခြင်း၊ စိတ်လှုပ်ရှားမြန်ဆန်ခြင်း၊ မောပန်းခြင်း၊ အောက်စီဂျင်ကျကာ ဝေဒနာ ခံစားနေရတာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲကာလအတွင်း နိုင်ငံတကာတားမြစ်တဲ့ အဆိပ်ငွေ့ဗုံးကို အသုံးပြုတာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့ TNLA က ပြောပေမဲ့   DVB အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ 

ဒါ့အပြင် အခုလအတွင်း အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဦးတည်ကာ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ကလေးငယ် အပါအဝင် အရပ်သား ၇ ယောက် သေဆုံးပြီး ၁၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နဲ့ ပြည်သူနေအိမ် ၁၁ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013