
အနာဂတ်ဆက်ဆံရေးအတွက် နှစ်နိုင်ငံ အလေးအနက် မဆွေးနွေးမီ ကနေဒါနဲ့ပတ်သက်ပြီး “မလေးမစား” မှတ်ချက်တွေ ပြောတာ ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကနေဒါဝန်ကြီးချုပ်သစ် မာ့ခ်ကာနေးက သတိပေးလိုက်ပါတယ်။
ကနေဒါပို့ကုန်တွေကို စည်းကြပ်ခွန်တွေနဲ့ ဖိအားပေးနေတဲ့ ထရမ့်ပ်က ကနေဒါကို အမေရိကန်ရဲ့ ၅၁ ပြည်နယ်မြောက် ပြည်နယ်လုပ်မယ်လို့လည်း အကြိမ်ကြိမ် ပြောထားပါတယ်။
ဝန်ကြီးချုပ်ကာနေးက “ကျုပ်တို့ ဒီမှတ်ချက်တွေကို လက်မခံနိုင်ပါဘူး။ ဒါတွေက မလေးမစား လုပ်ရာရောက်သလို အကူအညီလည်း မရပါဘူး။ ကျုပ်တို့တွေ အမေရိကနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်ပြီးတော့ မဆွေးနွေးကြမီမှာ ဒါတွေ ရပ်ဖို့လိုပါတယ်” လို့ လန်ဒန်ကို ရောက်ရှိနေချိန် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဒီမှတ်ချက်ဟာ ဇန်နဝါရီလကမှ နိုင်ငံရေးလောကကို ဝင်လာခဲ့တဲ့ ကနေဒါနဲ့ အင်္ဂလန် ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့ ကာနေးရဲ့ ထရမ့်ပ်နဲ့ပတ်သက်တဲ့ အပြင်းထန်ဆုံးမှတ်ချက် ဖြစ်ပါတယ်။
ထရမ့်ပ်နဲ့ ကာနေးတို့ တခါမှ စကားမပြောရသေးသလို ထရမ့်ပ်ကလည်း ကာနေးအပေါ် ဘာမှတ်ချက်မှ မပေးရသေးပါဘူး။
ဝန်ကြီးချုပ်သစ်ဟာ တာဝန်ယူပြီးတော့ ပထမဆုံး နိုင်ငံခြားခရီးစဉ်အနေနဲ့ ဗြိတိန်နဲ့ ပြင်သစ်ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်ကို ရောက်ရှိချိန်မှာ ကနေဒါနိုင်ငံရဲ့ နိုင်ငံ့ဥသျှောင်လည်းဖြစ်တဲ့ ချားစ်ဘုရင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ချားစ်ဘုရင်က ဘက်ကင်ဟန်နန်းတော်မှာ ကာနေးကို လက်ခံတွေ့ဆုံရာမှာ အနီရောင် နက်ကတိုင် ဝတ်ဆင်ခဲ့သလို ထရမ့်ပ်နဲ့ ပဋိပက္ခမှာ ကနေဒါဘက်က ရပ်တည်ကြောင်း သင်္ကေတသဘောနဲ့ ပြသခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။
Source : Reuters