Home
နိုင်ငံတကာ
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ထရမ့်ပ်နှင့် ပူတင် မတ် ၁၈ ရက်၌ ဆွေးနွေးမည်
DVB
·
March 17, 2025
Photo : US NETWORK POOL

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မတ် ၁၈ ရက်မှာ ဆွေးနွေးမှာဖြစ်ပြီး “မြေကိစ္စ”၊ “ဓာတ်အားပေးစက်ရုံ” ကိစ္စတွေ ညှိနှိုင်းဖို့ ရှိတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားပါတယ်။

ဖလော်ရီဒါကနေ အိမ်ဖြူတော်ကိုအပြန် မတ် ၁၆ ရက် ညပိုင်း အဲဖို့စ်ဝမ်းလေယာဉ်ပေါ်မှာ ထရမ့်ပ်က သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ယူကရိန်းဘက်က လက်ခံလိုက်တဲ့ ရက် ၃၀ အပစ်ရပ်ရေး အစီအစဉ်ကို ပူတင်ကပါ လက်ခံလာအောင် ညှိနှိုင်းဖို့ ရှိနေပါတယ်။

ရုရှားနဲ့ ယူကရိန်း လေကြောင်းတိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ ရုရှား ကာ့စ်ဒေသ နယ်မြေအများအပြားကို ယူကရိန်းတပ်တွေလက်ကနေ ရုရှားတပ်တွေက ပြန်သိမ်းနိုင်ပြီ ဖြစ်သလို ယူကရိန်းတပ်တွေ အသည်းအသန် ဆုတ်ခွာလာရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အရှိန်ရသွားတဲ့ ရုရှားတပ်တွေဟာ ကာ့စ်ဒေသနဲ့ ကပ်လျက် ယူကရိန်းမြောက်ပိုင်း ဆူမီဒေသကိုပါ ကျူးကျော်ဖို့ ကြိုးစားနေတယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

“ဒီစစ်ပွဲကို အဆုံးသတ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။ အဆုံးသတ်ချင်လည်း သတ်နိုင်မယ်၊ သတ်ချင်မှလည်း သတ်နိုင်မယ်။ ဒါပေမဲ့ အခွင့်အရေးကောင်းတွေ ရှိနေပါတယ်” လို့ ထရမ့်ပ်က ပြောပါတယ်။

အပစ်ရပ်ရေးအတွက် ဘယ်လိုလိုက်လျောမှုတွေ ထည့်သွင်းစဉ်းစားရမလဲဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က “မြေအကြောင်း ကျုပ်တို့ ပြောကြမယ်။ ဓာတ်အားပေးစက်ရုံတွေအကြောင်း ပြောမှာဖြစ်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

“ယူကရိန်းရော၊ ရုရှားရော နှစ်ဖက်စလုံးနဲ့ အများကြီး ဆွေးနွေးပြီးသားပါ။ တချို့ ပိုင်ဆိုင်မှုတွေကို ခွဲဝေဖို့ပါ ပြောဆိုပြီးပါပြီ” လို့ ထရမ့်ပ်က ဆက်ပြောခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်၊ မာအာလာဂိုး အိမ်တော်က ပြန်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အဲဖို့စ်ဝမ်း သမ္မတလေယာဉ်နဲ့အတူ အစိုးရအကျိုးထိရောက်မှုဌာ အကြီးအကဲ အီလွန်မတ်စ်ခ်နဲ့ သားငယ်ဖြစ်သူ X Æ A-12 ပါ လိုက်ပါလာတာကိုလည်း တွေ့ရပါတယ်။

မတ်စ်ခ်သားအဖဟာ ထရမ့်ပ်နောက်ကနေ လိုက်ဆင်းလာခဲ့ပြီး ကာဒီးလက်ဝမ်းလို့ ခေါ်တဲ့ သမ္မတစီးတော်ယာဉ်မှာလည်း တစီးတည်း အတူလိုက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013