Home
နိုင်ငံတကာ
ငြိမ်းချမ်းရေးရလျှင် ယူကရိန်းကို NATO အဖွဲ့ထဲ ဝင်ခွင့်မပေးရန် ရုရှားတောင်းဆို
DVB
·
March 17, 2025
Photo : NATO

ဘယ်ငြိမ်းချမ်းရေးသဘောတူညီချက်မှာမဆို ယူကရိန်းကို NATO အဖွဲ့ဝင် ဖြစ်ခွင့်မပေးရေးနဲ့ ဘက်မလိုက်နိုင်ငံအဖြစ် ဆက်ရှိနေစေရေးဆိုတဲ့ အာမခံချက် တောင်းခံသွားမှာဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေး ဒုဝန်ကြီးက ပြောကြားလိုက်ပါတယ်။

“သဘောတူညီချက်မှာ ဒီအချက်ကို သံမဏိလိုခိုင်မာတဲ့ အာမခံချက်အဖြစ် တောင်းဆိုသွားမှာ ဖြစ်ပါတယ်” လို့ ဒုဝန်ကြီး အလက်ဇန္ဒား ဂရက်ရှ်ကိုက ရုရှားသတင်းဌာန အစ်ဇ်ဗက်စ်ရှားကို ပြောကြားခဲ့ပါတယ်။

ဒီအာမခံချက်ရဲ့ တစိတ်တဒေသအနေနဲ့ ယူကရိန်းဟာ ဘက်မလိုက်အဆင့်အတန်းနဲ့ နေရမှာဖြစ်ပြီး NATO မဟာမိတ်ထဲ ဝင်ရောက်ဖို့ကို ငြင်းပယ်ရမယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ရှေ့ရက်တွေထဲ ယူကရိန်းကိစ္စ ဆွေးနွေးဖို့ ရှိနေချိန်မှာ ဒီမှတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ခေါင်းဆောင် ၂ ယောက် ဆွေးနွေးမှုမှာ အပစ်အခတ်ရပ်စဲရေးကို အရင်ညှိနှိုင်းဖို့ ရှိနေပါတယ်။  ရက် ၃၀ ကနဦးအပစ်ရပ်ရေး ရုရှားကို အဆိုပြုဖို့ အမေရိကန်နဲ့ ယူကရိန်း သဘောတူထားပါတယ်။

ပူတင်ကလည်း အပစ်ရပ်ရေးကို ထောက်ခံတယ်လို့ ပြောနေပေမဲ့ ငြိမ်းချမ်းရေးအတွက်တော့ တင်းမာတဲ့ ရပ်တည်ချက်တွေကို ချပြခဲ့ပါတယ်။

ယူကရိန်းက ပြီးခဲ့တဲ့နှစ် ဩဂုတ်လကတည်းက တန်ပြန်ကျူးကျော်ပြီး နယ်မြေအချို့ သိမ်းထားနိုင်တဲ့ ရုရှားအနောက်ပိုင်း ကာ့စ်ဒေသအရေးက အဓိက အငြင်းပွားစရာ ဖြစ်လာနိုင်ပါတယ်။

ပူတင်ကတော့ ရုရှားဟာ ကာ့စ်ဒေသကို အလုံးစုံပြန်ထိန်းနိုင်ပြီဖြစ်ပြီး ယူကရိန်းတပ်တွေ အဝိုင်းခံထားရပြီလို့ ပြောထားပါတယ်။

အပစ်ရပ်ရေးကို ဘယ်လိုစောင့်ကြည့်မလဲ ဆိုတာနဲ့ အရှေ့ဘက်စစ်မျက်နှာတလျှောက် ဘယ်လို ထိန်းချုပ်မလဲ ဆိုတာလည်း ပူတင်က မေးခွန်းထုတ်ထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကတော့ ပူတင်ဟာ ချက်ချင်းအပစ်ရပ်ရေး ဖြစ်လာဖို့ သံတမန်ရေး အားထုတ်မှုတွေကို တမင် အနှောင့်အယှက်ပြုနေတာလို့ စွပ်စွဲထားပါတယ်။

အပစ်ရပ်ပြီးရင် ငြိမ်းချမ်းရေးအတွက် ဖြေကြားရမယ့် ပုစ္ဆာက ရုရှားသိမ်းထားတဲ့ ယူကရိန်းနယ်မြေတွေအရေး ဖြစ်ပါတယ်။

ရုရှားဟာ ယူကရိန်းနယ်မြေ ငါးပုံတပုံအထိ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013