Home
နိုင်ငံတကာ
ကာ့စ်ခ်ဒေသရှိ ယူကရိန်းတပ်ဖွဲ့များ လက်နက်ချမလား၊ အသေခံမလားဟု ပူတင် မေးခွန်းထုတ်
DVB
·
March 14, 2025
Photo : Reuters

ရုရှားတပ်ဖွဲ့တွေရဲ့ ချီတက်မှုတွေကြောင့် ကာ့စ်ခ်ဒေသမှာ ဆိုးရွားတဲ့ ဆုတ်ခွာမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေးက သိပ်ကောင်းတာပေါ့ လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မတ် ၁၃ ရက်မှာ ပြောကြားလိုက်ပြီး သူတို့အတွက် အညံ့ခံမလား၊ အသေခံမလား ဆိုတဲ့ ရွေးချယ်စရာ ၂ ခုပဲရှိတယ်လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး အယူအဆကို ရုရှားက ထောက်ခံတယ်လို့ ဆိုပေမဲ့ ကြိုတင်ပြင်ဆင်မှု တချို့တော့ ရှိတယ်လို့ ပူတင်က ပြောပါတယ်။

ကာ့စ်ခ်ဒေသ အခြေအနေကလည်း ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ အပြည့်ရှိနေတာဖြစ်ပြီးတော့ လုံးဝကို အထီးကျန်ဆန်ပြီး ပစ်ခတ်ထိန်းချုပ်မှု အပြည့်ရှိတယ်လို့လည်း ဆိုပါတယ်။

ကျူးကျော်ဇုန်မှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှု ဆုံးရှုံးသွားပြီးတော့ တကယ်လို့ ယူကရိန်းတပ်ဖွဲ့တွေဟာ အစပိုင်းအဆင့် လွန်ခဲ့တဲ့ ၁ ပတ် ၂ ပတ်လောက်က အဖွဲ့ငယ်လေးတွေ ခွဲပြီး ထွက်သွားဖို့ ကြိုးစားခဲ့မယ်ဆိုရင် လွတ်နိုင်ပေမဲ့ အခုတော့ မဖြစ်နိုင်တော့ဘူးလို့ ပူတင်က ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ၂၀၂၄ နှစ်လယ်ပိုင်းကတည်းက ချီတက်လာခဲ့ပြီး ယူကရိန်းပိုင်နက်ရဲ့ ၅ ပုံ ၁ ပုံ နီးပါးကို ထိန်းချုပ်ထားတာပါ။

ရုရှားတပ်ဖွဲ့တွေဟာ ရှေ့တန်းတလျှောက်လုံး ရှေ့ကိုချီတက်လာနေကြောင်း ပူတင်က ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးဟာ ယူကရိန်းကို အင်အားပြန်စုဖွဲ့နိုင်ဖို့ မဟုတ်တဲ့ သေချာမှုမျိုးကို လုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ယူကရိန်းစစ်သားတွေဟာ ၂၀၂၄ ခုနှစ် ဩဂုတ် ၆ ရက်ကတည်းက သူတို့ထိန်းချုပ်ထားတဲ့ ကာ့စ်ခ်ဒေသရှိ အရပ်သားတွေအပေါ် အစုလိုက်အပြုံလိုက် ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့ကြောင်းလည်း ပူတင်က စွပ်စွဲခဲ့ပြီး “သူတို့ကို လွှတ်ပေးရမှာလား” လို့ မေးမြန်းခဲ့ပါတယ်။

အဆိုပြုထားတဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် သူနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ တွေ့ဆုံနိုင်ကြောင်းလည်း ပူတင်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်ပြီး သူ့ရဲ့ အထူးသံတမန် စတိဗ် ဝစ်တ်ကော့ဖ်ဟာ ရုရှားနိုင်ငံနဲ့ အလေးအနက် ဆွေးနွေးနေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြာသပတေးနေ့မှာ ပြောကြားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013