
သမ္မတဂျိုးဘိုင်ဒင် လက်ထက်က ပေးအပ်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အများအပြားဟာ လက်နဲ့မရေးထိုးဘဲနဲ့ Autopen လို့ခေါ်တဲ့ လက်မှတ်ထိုးစက်နဲ့ ရေးထိုးခဲ့တာဖြစ်တဲ့အတွက် တရားမဝင်ဘူးလို့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက် ပါတယ်။
အဓိကအားဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက် ကက်ပီတယ်လ် လွှတ်တော်အဆောက်အအုံ စီးနင်းခံရမှုကို စုံစမ်းစစ်ဆေးတဲ့ လွှတ်တော်ကော်မတီက အမတ်တွေနဲ့ ဝန်ထမ်းတွေအတွက် ထုတ်ပြန်ပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေကို ထရမ့်ပ်က ထောက်ပြခဲ့တာ ဖြစ်ပါတယ်။
“တနည်းပြောရရင်၊ ဂျိုးဘိုင်ဒင်ဟာ ဒါတွေကို လက်မှတ်မထိုးခဲ့ဘူး။ ပိုအရေးကြီးတာက ဒါတွေအကြောင်း သိတောင်မသိခဲ့ဘူး” လို့ ထရမ့်ပ်က သူ့လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။
Autopen ဆိုတာဟာ လူတယောက်ရဲ့ လက်မှတ်အစစ်အတိုင်း ပုံတူကူး ရေးထိုးရာမှာ တရားဝင်သုံးစွဲတဲ့စက် ဖြစ်ပါတယ်။
စက်လက်မှာ ဘောပင်ကိုတပ်ပြီး မူရင်းလက်မှတ်အတိုင်း တပုံစံတည်းထိုးပေးနိုင်တဲ့စက် ဖြစ်ပါတယ်။
ထရမ့်ပ် ကိုယ်တိုင်ရော အရင့်အရင် သမ္မတတွေပါ လက်မှတ်ထောင်သောင်းချီ ထိုးဖို့ရာမှာ တရားဝင်သုံးခဲ့ကြတဲ့စက် ဖြစ်ပါတယ်။
သမ္မတတွေဟာ သူတို့သဘောအလျောက် ဘယ်သူ့ကိုမဆို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သလို လက်နဲ့ လက်မှတ်ထိုးမှ တရားဝင်တယ်လို့လည်း ဥပဒေမှာ မဖော်ပြထားပါဘူး။
ကွန်ဆာဗေးတစ်ဝါဒီ Heritage Foundation ရဲ့ Oversight Project ကတော့ ဘိုင်ဒင်ရဲ့ လက်မှတ်ပါတဲ့ စာရွက်စာတမ်း ထောင်နဲ့ချီပြီး လေ့လာကြည့်ရာမှာ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် စာရွက်စာတမ်း အများအပြားမှာ autopen နဲ့ လက်မှတ်ထိုးထားတာ တွေ့ရကြောင်း ထုတ်ပြန်ထားပါတယ်။
အခြေခံဥပဒေအရ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်အာဏာဆိုတာ သမ္မတ တယောက်တည်းကိုသာ ပေးထားတာဖြစ်တဲ့အတွက် လူပုဂ္ဂိုလ်ကိုရော၊ စက်ပစ္စည်းကိုပါ ခွဲဝေကျင့်သုံးပိုင်ခွင့် မရှိဘူးလို့ Oversight Project က ထောက်ပြပါတယ်။ ဒါကြောင့် တရားမဝင်ဘူးလို့ စွပ်စွဲတာဖြစ်ပါတယ်။
ထရမ့်ပ်က သူကိုယ်တိုင်လည်း Autopen သုံးတယ်လို့ ဝန်ခံခဲ့ပေမဲ့ အရေးသိပ်မကြီးတဲ့ စာရွက်စာတမ်းတွေမှာသာ သုံးတာဖြစ်ကြောင်း၊ ဒါပေမဲ့ လွတ်ငြိမ်းချမ်းသာခွင့်ရော ကိစ္စအားလုံး ဒီလိုထိုးနေတာကတော့ ရှက်စရာကောင်းတယ်လို့ Air Force One လေယာဉ် ပေါ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
Source : Reuters