Home
နိုင်ငံတကာ
EU နိုင်ငံများကို အယ်လ်ကိုဟော အခွန်  ၂၀၀ ရာခိုင်နှုန်း ကောက်မည်ဟု ထရမ့်ပ် ခြိမ်းခြောက်
DVB
·
March 14, 2025
Photo : CCTV, CGTN

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဥရောပနိုင်ငံတွေကနေ ပြည်တွင်းထဲဝင်လာမယ့် အယ်လ်ကိုဟော ထုတ်ကုန်အားလုံးကို ၂၀၀ ရာခိုင်နှုန်းအထိ အခွန်စည်းကြပ်မယ်ဆိုပြီး ထပ်ခြိမ်းခြောက်ပါတယ်။

ဒါဟာ အမေရိကန်ဘက်က ပြည်တွင်းထုတ်အရက်တွေအပေါ် ၅၀ ရာခိုင်နှုန်း အခွန်တိုးကောက်ဖို့ ပြင်နေတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ အစီအစဉ်တွေကို တုံ့ပြန်တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အစောပိုင်းမှာ ထရမ့်ပ်ရဲ့ သံမဏိနဲ့ အလူမီနီယံအပေါ် အခွန်စည်းကြပ်မှုကို EU ဘက်က ဝီစကီ-သွင်းကုန်ခွန်နဲ့ အရေးယူခဲ့တာပါ။

ဒါကြောင့် အမေရိကန်က ဥရောပသမဂ္ဂရဲ့ “မနှစ်မြို့ဖွယ်” အခွန်ကောက်ခံမှုကို ချက်ချင်းဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပြီး လက်ရှိ ကုန်သွယ်ရေးစစ်ပွဲရဲ့  အရှိန်မြင့်တက်လာခဲ့ပါတယ်။

အဲဒီနောက် ထရမ့်ပ်က “EU ဟာ ရန်လိုပြီး ကြမ်းတမ်းတဲ့ အစုအဖွဲ့ဖြစ်သလို အမေရိကန်ကိုလည်း အခွင့်ကောင်းယူနေတယ်” လို့ မှတ်ချက်ပြုပါတယ်။

ဥရောပတိုက်က သူတို့ရဲ့ အကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်တဲ့ အမေရိကန်ကို ဝိုင်ပမာဏ ဒေါ်လာ ၄ ဒသမ ၈၉ ဘီလီယံဖိုးအထိ နှစ်စဉ် တင်ပို့​နေတာ ဖြစ်ပါတယ်။

အခုလိုမျိုး ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုအတိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင် ဈေးကွက်ပျက်သွားနိုင်တဲ့အပြင် ထောင်နဲ့ချီတဲ့ အလုပ်အကိုင်တွေပါ ဆုံးရှုံးရနိုင်တယ်လို့ ဝိုင်လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။

ထရမ့်ပ် သမ္မတ ပထမသက်တမ်းအတွင်း အလားတူပုံစံမျိုး ဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းက ဥရောပတိုက်မှာ အမေရိကန်ရဲ့ အရက်ရောင်းအားကို ၂၀ ရာခိုင်နှုန်းလောက် ကျဆင်းစေခဲ့ပါတယ်။

ဥရောပခေါင်းဆောင်တွေကတော့ ကုန်သွယ်ရေးစစ်ပွဲတခုကို အပြည့်အဝ ဆင်နွှဲမယ့်အစား ထရမ့်ပ်နဲ့ သဘောတူညီချက်ရဖို့သာ ပိုပြီးလိုလားတဲ့အကြောင်း ပြောဆိုထားပါတယ်။

ထရမ့်ပ်ရဲ့ နောက်ဆုံးခြိမ်းခြောက်မှု အပြီးမှာ ဥရောပကုန်သွယ်ရေး ကော်မရှင်နာမင်းကြီး မားရို့စ် ဆက်ဆိုဗစ်ချ်က အမေရိကန်တာဝန်ရှိသူတွေကို ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း အတည်ပြုပါတယ်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီး ဟောင်းဝက်ဒ် လတ်နစ်ခ် ကလည်း တခြားနိုင်ငံတွေကို လက်တုံ့ပြန်တာမျိုး မလုပ်ကြဖို့အတွက် အင်တာဗျူးတခုမှာ သတိပေးသွားပါတယ်။

ထရမ့်ပ်နဲ့ပတ်သက်ပြီး လတ်နစ်ခ်က “သူ့ကို စိတ်မချမ်းသာအောင်လုပ်ရင် သူလည်း မကျေမနပ် တုံ့ပြန်တတ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013