Home
မြန်မာသတင်း
စားအုန်းဆီ ပြင်ပပေါက်ဈေး ရည်ညွှန်းဈေးထက် ၂ ဆခန့် မြင့်တက်
DVB
·
March 14, 2025

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက မတ် ၁၀ ရက် ကနေ ၁၆ ရက်အထိ ဈေးကွက်အတွင်း ရောင်းချရမယ့် စားအုန်းဆီ တပိဿာ အခြေခံ လက်ကား ရည်ညွှန်းဈေးနှုန်းကို ၆,၈၉၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းက စားအုန်းဆီ တပိဿာရည်ညွှန်း‌ဈေးဟာ ကျပ် ၇,၃၀၀ ဝန်းကျင် ရှိခဲ့တာဖြစ်လို့ ၂ လအတွင်းမှာ ကော်မတီရဲ့ လက်ကားရည်ညွှန်းဈေးက တပိဿာကို ကျပ် ၄၀၀ ဝန်းကျင်၊ ရာခိုင်နှုန်းအနေနဲ့ ၅ ရာခိုင်နှုန်းကျော် ပြန်ကျဆင်းလာပါတယ်။

မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ၄,၈၀၀ ကျပ်အထိ ရှိခဲ့ပေမဲ့ လက်ရှိမှာ ၄,၄၀၀ ကျပ် ဝန်းကျင်မှာပဲ အရောင်းအဝယ်ဖြစ်နေပြီး ၂ လအတွင်း ၄၀၀ ကျပ် ပြန်ကျဆင်းခဲ့ပါတယ်။

နိုင်ငံခြားငွေလဲလှယ်နှုန်း ပြန်ကျဆင်းလာတာကြောင့် ပြည်ပကတင်သွင်းတဲ့ စားအုန်းဆီဈေး လိုက်ပါကျဆင်းလာတာဖြစ်ပြီး လက်လီဈေးကတော့ ကျပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ ရန်ကုန်ဈေးကွက်အတွင်းကနေ သိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “ဆီစာအုပ်သမားတွေဆီက တဆင့် ပြန်ဝယ်တာတော့ တပိဿာကို ၁၂,၀၀၀ ပေးရတယ်။ ဒါကို ဝယ်ချင်တိုင်းတော့ ဝယ်မရဘူး။ ရောင်းတဲ့သူရှိမှ၊ အရင်စားနေကျ ဆီတွေကျတော့ ဈေးထက်ဝက်လောက် ကွာနေတော့ ဝယ်မစားနိုင်တော့ဘူး” လို့ ပြောပါတယ်။

စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူ‌တွေအနေနဲ့ အပတ်စဉ် သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့် ဖြစ်ထိုက်တဲ့ သယ်ယူစရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းချကြဖို့၊ စျေးနှုန်း မြှင့်တင် ရောင်းချတာ၊ စျေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ ရောနှောရောင်းချတာတွေ မပြုလုပ်ကြဖို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းက ထုတ်ပြန်ထားပေမဲ့ ပြင်ပဈေးကွက်မှာ အခုလို ကျပ် ၁၂,၀၀၀ ကျော်ထိ ဈေးမြင့်တက်နေတာပါ။

ပြည်တွင်းမှာ စားဆီထုတ်လုပ်မှုပမာဏ ဖူလှုံမှု မရှိတဲ့အတွက် ပြည်ပကနေ နှစ်စဉ် စားအုန်းဆီ အပါအဝင် စားဆီအမျိုးမျိုး တင်သွင်းလျက်ရှိရာမှာ တနှစ်ကို ပျမ်းမျှ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်းအထိ ရှိခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာတော့ ပြည်ပကနေ စားသုံးဆီတင်သွင်းမှုကို အကန့်အသတ်နဲ့ သာ တင်သွင်းခွင့် ပြုခဲ့ပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ စကစ တာဝန်ယူထားတဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ စားသုံးဆီတင်သွင်းမှု စုစုပေါင်း တန်ချိန် ၅ သိန်းခွဲဝန်းကျင်သာရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ တန်ချိန် ၆ သိန်း ကျော်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

အနှစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013