Home
မြန်မာသတင်း
ရန်ကုန်တွင် စားအုန်းဆီတပိဿာ ကျပ် ၁၇,၀၀၀ အထိဖြစ်နေ
DVB
·
January 6, 2025

ရန်ကုန်မြို့မှာ စားအုန်းဆီ တပိဿာကို ကျပ် ၁၇,၀၀၀ အထိ ဈေးမြင့်နေပြီး ရည်ညွှန်းဈေးအတိုင်း ရောင်းချတာတွေကလည်း အလုပ်မဖြစ်ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ရန်ကုန်မှာ စားအုန်းဆီဈေးနှုန်းဟာ တပိဿာကို ကျပ် ၁၇,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေပြီး တပတ်တကြိမ် စာအုပ်နဲ့ ဝယ်ယူရတာတွေကလည်း ပုံမှန်ဝယ်ယူခွင့်မရကြဘဲ ၁၅ ရက် တကြိမ်လောက်သာ ဝယ်ယူခွင့်ရနေတာကြောင့် ပြင်ပပေါက်ဈေးအတိုင်းသာ ဝယ်ယူသုံးစွဲနေရဆဲ ဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

အင်းစိန်မြို့နယ်၊ ကွက်သစ်ရပ်ကွက်မှာနေသူတယောက်က “စာအုပ်တွေ စလုပ်တုန်းကတော့ တပတ်တခါ ဝယ်လို့ရတယ်။ တလလောက်လည်း ကြာရော တပတ်တခါ မရတော့ဘူး။ ရတဲ့ရပ်ကွက်က ရတယ်၊ တချို့ရပ်ကွက်တွေဆို ၁၅ ရက်တခါမှရတော့ အပြင်ဈေးနဲ့ပဲ ဝယ်စားကြရတာ။ အပြင်ဈေးဆိုတာကလည်း မငြိမ်ဘူး။ မနေ့က တဆယ်သားကို ၁,၆၀၀ ဆိုရင် ဒီနေ့ ၁,၇၀၀ ဖြစ်ရင် ဖြစ်နေတာ” လို့ ပြောပါတယ်။

စားအုန်းဆီ ပြင်ပပေါက်ဈေးတွေ အဆမတန် မြင့်တက်နေသလို စစ်ကောင်စီကထုတ်ပြန်တဲ့ စားအုန်းဆီ ရည်ညွှန်းဈေးဟာ အရင်အပတ်က ကျပ် ၆,၀၀၀ ကျော် ရှိခဲ့ပေမဲ့ ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးဟာ ကျပ် ၇,၂၈၀ အထိ ဈေးမြင့်တက်လာပါတယ်။

စားအုန်းဆီဈေးကွက်အတွင်း ဈေးနှုန်းမတည်ငြိမ်မှုတွေကြောင့် စားအုန်းဆီထက် ပြည်ပက တင်သွင်းတဲ့ ရယ်ဒီမိတ် စားဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီဘူးတွေကိုသာ တင်သွင်းရောင်းချတော့တယ်လို့ ဆီရောင်းနေသူတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်က ဆီရောင်းချနေသူတယောက်က “ဆီဈေးက ငြိမ်မှာမဟုတ်ဘူး။ ဒီတိုင်းပဲသွားမှာ။ အာရုံနောက်လွန်းလို့ ဒိုင်ကနေ ဘူးတွေမှာပြီး ရောင်းတော့တာ။ လုံးဝမတင်တာတော့ မဟုတ်ဘူး။ လာစစ်ရင် ရည်ညွှန်းဈေးအတိုင်း ရောင်းပါတယ် ဆိုတာပြဖို့ တပိဿာ၊ နှစ်ပိဿာလောက်တော့ ဟန်ပြတင်ထားတယ်” လို့ ပြောပါတယ်။

လက်ရှိ ရန်ကုန်မှာ စားအုန်းဆီဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်ထားနိုင်ပြီး အိမ်အရောက်ပို့စနစ်၊ အိမ်ထောင်စုတစုကို ၃ ပိဿာနှုန်း ရောင်းချပေးနေတယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်မှာ ပြောဆိုခဲ့တာဟာ မြေပြင်အခြေအနေမသိဘဲ ပြောဆိုသွားတာဖြစ်တယ်လို့ ဆီရောင်းချသူတွေက ဝေဖန်ပါတယ်။

ပြည်တွင်းမှာ စားသုံးဆီလိုအပ်ချက်က တလကို တန်ချိန် ၁ သိန်းခန့်ရှိပြီး ပြည်ပကနေ လစဉ် စားအုန်းဆီ တန်ချိန် ၅၀,၀၀၀ ဝန်းကျင် တင်သွင်းနေရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013