ရန်ကုန်မှာ မီးပျက်ချိန်ပိုများနေတဲ့အတွက် လျှပ်စစ်အားသွင်းကားတွေ ဝယ်ယူထားသူတွေအနေနဲ့ မီးစက်ကိုပါ ဝယ်ယူနေရတယ်လို့ အဆိုပါကားပိုင်ရှင်တွေက ပြောပါတယ်။
ရန်ကုန်မှာ ၄ နာရီခြားတခါ မီးရချိန်ဟာ အပြည့်အဝမရရှိတော့ဘဲ နာရီဝက်ခန့်သာ မီးရရှိတော့တာ၊ ညပိုင်းအချိန်တွေမှာလည်း မီးရရှိချိန် ပုံမှန်မရှိတာတွေကြောင့် လျှပ်စစ်အားသွင်းကားတွေအနေနဲ့ အားသွင်းဖို့ အခက်အခဲတွေရှိလာတာတွေကြောင့် မီးစက်တွေ ဝယ်ယူနေကြရသလို လမ်းခရီးသွားလာချိန်မှာ အားသွင်းဖို့အတွက် မီးစက်ရှိသူတွေထံ အကူအညီတောင်းနေကြရတယ်လို့ သိရပါတယ်။
EV ကားပိုင်ရှင်တယောက်က “အခုက မနက် ၉ နာရီကနေ နေ့လယ် ၁ နာရီအထိ မီးလာချိန်ဆိုရင် ၁၀ မိနစ်လောက်အလာပြပြီး ၁ နာရီထိုးဖို့ ၁၅ မိနစ်အလိုလောက်အထိ မီးပျက်ဝာာ။ ပြီးတော့ ၁၅ မိနစ်လောက် မီးပေးပြီး ၁ နာရီထိုးရင် ပြန်ပျက်သွားရော။ အဲ့ဒီအခါကျတော့ ကားကို အားသွင်းဖို့ လုံလောက်မှုမရှိဘူး။ ဆီမဝယ်ချင်လို့ EV ဝယ်တာ အခုဆီဖိုးပါ ထပ်ကုန်နေတယ်” လို့ ပြောပါတယ်။
အိမ်စီး လျှပ်စစ်ကားပိုင်ရှင်တွေအပြင် EV အငှားယာဉ်တွေအနေနဲ့လည်း မီးပုံမှန်မရရှိတာကြောင့် ယာဉ်ထွက်ဖို့အစား လျှပ်စစ်အားသွင်းတဲ့နေရာတွေမှာပဲ အချိန်ကုန်နေရတာကြောင့် တနေ့တာဝင်ငွေ ထိခိုက်မှုတွေရှိနေတယ်လို့ အငှားယာဉ်မောင်းတွေထံက သိရပါတယ်။
EV အငှားယာဉ်မောင်းတယောက်က “မီးလာတဲ့မြို့နယ်ဘက်ရောက်ရင် အားဝင်ဖြည့်လိုက်၊ မီးပျက်သွားပြန်ရင်လည်း စောင့်လိုက်နဲ့ တနေကုန်ဆွဲရတယ်ကိုမရှိဘူး။ အားသွင်းတဲ့နေရာမှာပဲ အချိန်တွေကုန်နေတာ။ ညပိုင်းကျ ကိုယ်လည်းအိပ်မစောင့်နိုင်တော့ အားသွင်းရုံမှာပဲ အစောင့်ကို မုန့်ဖိုးပေးပြီး အားသွင်းခဲ့ရတာ။ အဲ့လိုဒုက္ခများနေလို့ ဆီကားဖြစ်ဖြစ်၊ CNG ဖြစ်ဖြစ် ပြန်ပြောင်းဆွဲတော့မယ်” လို့ ပြောပါတယ်။
လျှပ်စစ်မီးထုတ်လုပ်နိုင်မှုပမာဏ တဖြည်းဖြည်းလျော့ကျလာတဲ့အတွက် လျှပ်စစ်မီးရရှိချိန်လည်း တဖြည်းဖြည်းနည်းပါးလာကာ လာမယ့် နွေရာသီမှာ အခုထက် မီးပိုပျက်လာနိုင်တယ်လို့ မြို့နယ်လျှပ်စစ်ဌာနတွေထံက သိရပါတယ်။
ဒီလို မီးမမှန်တာတွေကြောင့် လျှပ်စစ်ကားတွေဟာ မီးစက်တွေကိုပါ ဝယ်ယူနေရပေမဲ့ စစ်ခေါင်းဆောင်ကတော့ လျှပ်စစ်ဘတ်စ်ကားတွေကို ပြေးဆွဲနိုင်ဖို့၊ လျှပ်စစ်ရထားတွေပြေးဆွဲနိုင်ဖို့ အမြဲပြောဆိုနေပါတယ်။