ရန်ကုန်မြို့ရှိ ရပ်ကွက်တချို့မှာ လမ်းအလိုက် ကင်းတဲတွေဆောက်ပြီး ညပိုင်း လူအဝင်အထွက်ကို စစ်ဆေးကြပ်မတ်တာတွေ လုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လုံခြုံရေးမီးကင်းလို့ သုံးနှုန်းထားပြီး ည ၁၂ နာရီနောက်ပိုင်း ဝင်ထွက်သွားလာတဲ့သူတွေကို ရပ်ကွက်အတွင်း ဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက စစ်ဆေးမေးမြန်းတာတွေ လုပ်နေတာလို့ ဆိုပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ စံပြရပ်ကွက်မှာ နေထိုင်သူတယောက်က “မီးကင်းလို့သာ ပြောတာ၊ အမှန်က လူစိမ်းအဝင်အထွက်ကို စောင့်ကြည့်တဲ့သဘောပဲ။ အာဏာသိမ်းစက ပြည်သူတွေ လုံခြုံရေးအတွက် လုပ်ခဲ့တဲ့အတိုင်း အခု သူတို့က ပြန်စိုးရိမ်နေရတာ” လို့ ပြောပါတယ်။
ဒါ့အပြင် ညဘက်တွေမှာလည်း ရပ်ကွက်အလိုက် ဖွဲ့ပေးထားတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့ ဆိုသူတွေက အလှည့်ကျ ဆိုင်ကယ်၊ ဘေးတွဲတွေနဲ့ ကင်းလှည့်လေ့ရှိတယ်လို့လည်း ရန်ကုန်မြို့နေ ပြည်သူတချို့က ဆိုပါတယ်။
ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူတယောက်က “လုံခြုံရေးအတွက် တာဝန်ပေးခံရတဲ့သူတွေက လုပ်ပိုင်ခွင့်လေး နည်းနည်းရတာနဲ့ မောက်မာကြတယ်။ တချို့ရပ်ကွက်တွေဆို လုံခြုံရေးအတွက် အိမ်အလိုက် ပိုက်ဆံပေးရသေးတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး အစောပိုင်းကာလက စစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုကို စောင့်ကြည်ဖို့ ရန်ကုန်မြို့ရှိ ရပ်ကွက်တွေမှာ လမ်းအလိုက် လုံခြုံရေးကင်းတွေ ထားရှိခဲ့ပါတယ်။
အာဏသိမ်းစစ်တပ်က လုံခြုံရေးကင်းတွေနဲ့ အတားအဆီးတွေကို စီးနင်းဖြိုချတာတွေ လုပ်ခဲ့သလို ရွှေပြည်သာမြို့နယ်မှာ ကင်းစောင့်နေတဲ့ အမျိုးသားတယောက်ကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဥ်လည်း ရှိခဲ့ပါတယ်။