Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီး ပိုပြတ်တောက်လာ 
DVB
·
January 2, 2025
Photo-Ethan Htun

ရန်ကုန်တိုင်းအတွင်း မြို့နယ်တွေမှာ ၂၀၂၅ ဇန်နဝါရီ ၁ ရက်ကစလို့ လျှပ်စစ်မီး ပိုပြတ်တောက်လာပြီး အချိန်ဇယားအတိုင်း မဟုတ်တော့ဘဲ ပေးချင်သလို ပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

၄ နာရီခြားတခါ လျှပ်စစ်မီးပေးဖို့ လုပ်ဆောင်ထားတဲ့ အပိုင်း A မနက် ၅ နာရီမှ ၉ နာရီ၊ အပိုင်း B နေ့လယ် ၁ နာရီမှ ညနေ ၅ နာရီ၊ အပိုင်း C ည ၉ နာရီမှ နောက်မနက် ၁ နာရီ အထိဟာ နှစ်အစပိုင်းမှာပဲ တနေ့လုံးပြတ်တောက်ပြီး ညပိုင်းမှာသာ ၂ နာရီလောက် မီးသုံးခွင့်ရရှိနေကြရပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒီဇင်ဘာလက ရန်ကုန်မြို့ရောက်ရှိချိန်မှာတော့ သူသွားဖို့ အစီအစဉ်ရှိတဲ့ မြို့နယ်တွေမှာသာ လျှပ်စစ်မီး ပုံမှန်ရခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်မီး ပြတ်တောက်ချိန် ပိုများလာတာနဲ့ ပေးချင်တဲ့အချိန်မှ မီးပေးနေတာတွေကြောင့် လျှပ်စစ်အစားထိုး လောင်စာစရိတ်တွေ ပိုကုန်ကျလာတယ်လို့ မရမ်းကုန်းမြို့နယ်နေထိုင်သူတဦးက ပြောပါတယ်။

“မီးက လာတဲ့အချိန်က တနေ့ကို ၂ နာရီတောင် မရှိတော့ဘူး။ မရမ်းကုန်း ပိုဆိုးတယ်။ ထမင်းချက်ဖို့‌တောင် မီးသွေးပြန်သုံးနေရတယ်။ ဂက်စ်ကလည်း အသေးတဘူးကို ၁၇၀၀ လောက် ဖြစ်နေပြီ။ ပိုက်ဆံပိုကုန်တာပေါ့။ လာလိုက်ပျက်လိုက်နဲ့။ အခု ၁ နာရီလာမယ့် မီးက နာရီဝက် လောက်ပဲ လာသွားတယ်။ အခုကနေ ည ၉ နာရီအထိ တောက်လျှောက် ပျက်တော့မှာ။ မီးသာမလာတာလေ မီတာခတော့ ပုံမှန်အတိုင်း တက်နေတာပဲ။” 

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးပို့ရေးကော်ပိုရေးရှင်း YESC ထုတ်ပြန်ချက်မှာတော့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်က အမြင့်ဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂၀၈၃ ဒသမ ၉ မဂ္ဂါဝပ် ရှိခဲ့ပေမဲ့ ဇန်နဝါရီ ၁ ရက်မှာ အမြင့်ဆုံးထုတ်လုပ်မှုက ၁၇၃၇ ဒသမ ၁ မဂ္ဂါဝပ်ဖြစ်ပွားကာ တရက်အတွင်း ၃၄၆ မဂ္ဂါဝပ်အထိ ထိုးကျသွားတာ တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013