Home
မြန်မာသတင်း
ရန်ကုန်တွင် တရက် မီး ၁၆ နာရီဖြတ်မည်
DVB
·
January 5, 2025

ရန်ကုန်မြို့က မြို့နယ်တွေမှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၅ ရက် ဒီနေ့ကစလို့ တရက်မှာ ၁၆ နာရီ မီးဖြတ်တော့မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ရဲ့ ကြေညာချက်အရ သိရပါတယ်။

အလှည့်ကျမီးပေးစနစ်အရ ဓာတ်အားပေးအုပ်စု ၃ ခု(A၊ B၊ C)ဆိုတဲ့ အုပ်စုတခုမှာ ၄ နာရီ မီးလာပြီးနောက် ၈ နာရီကြာ အလှည့်ကျမီးပြတ်တော့မှာပါ။

မြောက်ဥက္ကလာပမြို့ခံတယောက်က “တနေ့ကို ၄ နာရီ ၂ ခါပေးမှာလို့ပြောပေမဲ့ အခုတောင် သုနန္ဒာဘက်မှာ မီးဖြတ်ထားတယ်။ ဘာ ၄ နာရီမှ မလာဘူး။ ၂ ရက်ရှိနေပြီ။ ထမင်းတောင် ဝယ်စားနေရတယ်”လို့ ပြောပါတယ်။

မြောက်ဥက္ကလာလျှပ်စစ်ရုံးအဖွဲ့ကတော့ မြို့နယ်အတွင်းက ရပ်ကွက် ၅ ခုမှာ ကေဗွီ ၁၁ ရှိတဲ့  မြေအောက်ကြိုး ပြတ်တောက်သွားလို့ ပြုပြင်နေတာလို့ ဖြေဆိုပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ဟာ တနေ့ကို ၄,၄၀၀ မဂ္ဂါဝပ်ရှိနေပြီး လက်ရှိမှာ နေ့တိုင်း မဂ္ဂါဝပ် ၂,၄၀၀ ဝန်းကျင်ပဲ ထုတ်လုပ်နိုင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နေ့က အမြင့်ဆုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၂၀၈၃ ဒသမ ၉ မဂ္ဂါဝပ် ရှိခဲ့ပေမယ့် အခု ဇန်နဝါရီ ၁ ရက်နေ့မှာ အမြင့်ဆုံးထုတ်လုပ်မှုက ၁၇၃၇ ဒသမ ၁ မဂ္ဂါဝပ်ပဲရှိခဲ့ပြီး တရက်အတွင်း ၃၄၆ မဂ္ဂါဝပ်အထိ ထိုးကျသွားတာ တွေ့ရပါတယ်။

လျှပ်စစ်ဓာတ်အားပေးတာနဲ့ပတ်သက်လို့ အချက်အလက်အမှန်မျှဝေပေးတဲ့ ကေအက်စ်(ခွဲမှူး) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်မှာတော့ Feeder Over Load၊ Tr Over Load ဖြစ်နိုင်လို့ ထရန်စဖော်မာ လောင်နိုင်တာကြောင့် မီးလာလာချင်း စုပြုံမသုံးဖို့ကို အကြံ‌ပြုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024