Home
မြန်မာသတင်း
ဘုတ်ပြင်းတွင် ဆန်၊ ဆီ စျေးနှုန်းများ အကျမရှိဘဲ ဆက်လက်မြင့်တက်
DVB
·
February 12, 2025

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့မှာ စားသောက်ကုန်စည်တွေဖြစ်တဲ့ ဆန်နဲ့ဆီစျေးနှုန်းတွေက လစဉ် စျေးတက်လာနေပြီး ပြန်လည်ကျဆင်းတာမရှိသေးဘူးလို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

ကုန်စည်စျေးနှုန်းတွေက လစဉ်တိုင်းမှာ ကျပ် ၁ ထောင်၊ ၂ ထောင်ဝန်းကျင်နဲ့ စျေးတက်နေတာဖြစ်ပြီး ဘုတ်ပြင်းမှာ ဝယ်ယူစားသုံးနေကြတဲ့ OK တံဆိပ် ဆန်အမျိုးအစားမှာ အခုလထဲမှာဆိုရင် ဆယ်ပြည့်ပါတဲ့ တအိတ်ကို ကျပ် ၄၇၀,၀၀ ပေါက်စျေးရှိနေပြီး ဒီမတိုင်ခင် အရှေ့လမှာတုန်းက ကျပ် ၄၃၀,၀၀ ရှိတယ်လို့ ပြောပါတယ်။

စားသုံးဆီစျေးနှုန်းမှာလည်း ထိုင်းဘက်က ဝင်လာတဲ့ တလီတာရှိတဲ့ ဆီတဘူးကို ကျပ် ၆၅၀၀ နဲ့ ၇၀၀၀ ကြားပေါက်နေပြီး ၁၀ ပိဿာဝင်ဆံ့တဲ့ ပုံးဝါဆီအမျိုးအစားမှာ တပိဿာစျေးနှုန်းမှာ ကျပ် ၁၂၀,၀၀ အထိ ရှိတယ်လို့ ဘုတ်ပြင်းမြို့ခံတယောက်က ပြောပါတယ်။

“စျေးနှုန်းက တဖြည်းဖြည်းနဲ့ တက်လိုက်လာတာ ၄၊ ၅ လလောက်ရှိပြီ။ ကာားလမ်း တခါလောက်ပိတ်လိုက်ရင် ကုန်စျေးနှုန်းက တက်လာပြီး ပြန်မကျတော့ဘူး။ ပစ္စည်းကမရှားဘူး။ စျေးဆိုင်တွေက ပြန်မချတာ။ ကားလမ်းနည်းနည်းပိတ်ရင် ပစ္စည်းသိုလှောင်တယ်။ ပြီးရင် စျေးတက်လိုက်တယ်။”

အဆိုပါ ဆန်နဲ့ဆီစျေးနှုန်းတွေက ပြီးခဲ့တဲ့နှစ် ၇ လပိုင်းလောက်ကနေစပြီး ကားလမ်းပိတ်ပြီးနောက် လစဉ် တဖြည်းဖြည်း စျေးတက်လာကာ ပြန်မကျဆင်းတော့ဘဲ စျေးတက်နေတာလို့ ဆိုပါတယ်။

“ဆီတွေက မြိတ်ကဆို ပုံးဆီတွေများတယ်။ ကော့သောင်းဘက်က လီတာဘူးသွင်းတာများတယ်။ တလီတာဘူးက ၄၅၀၀ ကနေ စတက်လာတာပါ။ တဖြည်းဖြည်းတက်လာတာပါ၊ အပေါ်က ဒိုင်တွေကြောင့် စျေးတက်လာတာပါ၊ တိုက်ပွဲကြောင့် မဟုတ်ပါဘူး” လို့ ဘုတ်ပြင်းမြို့ခံတယောက်က ပြောပါတယ်။

အခုလို ဆန်၊ ဆီ စတဲ့ကုန်စျေးနှုန်းတွေ တက်လာပြီး ပြန်မကျဆင်းတာက တိုက်ပွဲကြောင့် မဟုတ်ဘဲ လုပ်ငန်းရှင်တွေက ပစ္စည်းတွေ သိုလှောင်ပြီး စျေးပြန်မချပေးဘဲ စျေးနှုန်းမြှင့်တင်ထားတာကြောင့်လို့ ဘုတ်ပြင်းမြို့ခံတွေက ပြောပါတယ်။

တနင်္သာရီမြို့နယ်ထဲက မောတောင်မြို့မှာတော့ တိုက်ပွဲကြောင့် ကားလမ်းတွေပိတ်ထားတာ ၁ လကျော်ကြာပြီဖြစ်တဲ့အတွက် ကုန်ပစ္စည်းတွေပြတ်လပ်နေပြီး စားသောကုန်စျေးနှုန်းတွေလည်း စျေးတက်လာတယ်လို့ မောတောင်မြို့ခံပြည်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013