
တနင်္သာရီတိုင်း ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှာ စစ်ကောင်စီရေတပ်က ဖမ်းဆီးထားတဲ့ အရပ်သား ၅ ယောက်ထဲက ၄ ယောက် ပြန်လွတ်လာပေမဲ့ အမျိုးသား ၁ ယောက်ကိုတော့ ပြန်မလွှတ်ပဲ ဖမ်းဆီးထားဆဲဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီရေတပ်က ဖမ်းဆီးထားတဲ့ သူတွေထဲက ဥယျာဥ်ခြံပိုင်ရှင် အပါအဝင် လင်မယား ၂ ယောက်နဲ့ အမျိုးသား တယောက်တို့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းက ပြန်လွတ်လာပြီး အသက် ၃၆ နှစ်ရှိတဲ့ ဥယျာဥ်ခြံလုပ်သားကိုတော့ ပြန်မလွှတ်ပေးသေးပါဘူး။
ဒေသခံပြည်သူတယောက်က "သူက ဥယျာဉ်ခြံအလုပ်သမားပဲ။ ကျန်တဲ့သူတွေက ဒီတိုင်း ပြန်လွတ်လာတာပါ။ ရိုက်နှက်ခံရတာမရှိပါဘူး။ ဘာကြောင့် မလွှတ်ပေးသေးလဲတော့ မသိရဘူး"လို့ ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရသူတွေဟာ စက်တင်ဘာ ၂၇ ရက် မနက် ၉ နာရီ လောက်က ကရသူရိမြို့ အထွက်နားမှာ စစ်ကောင်စီတပ်သားတွေ မောင်းနှင်လာတဲ့ ကျောင်းကြိုပို့ကားတစီးကို တော်လှန်ရေးတပ်ဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်ပြီးနောက်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ဘုတ်ပြင်းမြို့နယ်ရှိ ကျောက်ထနောင်းရေတပ်ကနေ ကရသူရိမြို့ကို ကျောင်းပို့သွားပြီးအပြန် လမ်းမှာ မိုင်းဆွဲခံလိုက်ရပြီး ကားမှာလမ်းဘေးထိုးရပ်သွားကာ အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ဖမ်းဆီးတဲ့နေ့က တိုက်ပွဲဖြစ်တဲ့အနီးနားရှိ ဥယျာဉ်ခြံထဲက တဲတလုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီးတော့ ဥယျာဉ်ခြံလုပ်သားတွေရဲ့ ဆိုင်ကယ်တွေကိုလည်း သိမ်းဆည်းသွားကာ ၂ စီးကိုတော့ ပြန်ပေးလိုက်တယ်လို့ ဒေသခံက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး နေ့လယ် ၂ နာရီအလောက်မှာ တိုက်ပွဲဖြစ်ပွားရာအနီး ဆိုင်ကယ်မောင်းနှင်းလာတဲ့ လင်မယား ၂ ယောက်နဲ့ ဥယျာဥ်ခြံလုပ်သမား ၂ ယောက်နဲ့ အခင်းဖြစ်တဲ့ နေရာအနီးက ဥယျာဥ်ခြံရဲ့ ပိုင်ရှင်ဖြစ်သူကိုပါ စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။
ပြန်လွတ်လာတဲ့ ပြည်သူ ၄ ယောက်မှာ ရိုက်နှက်စစ်ဆေးခံရတာ မရှိဘူးလို့ သိရပြီး လက်ရှိ ကျောက်ထနောင်းရေတပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသားကို ဘာကြောင့် ပြန်မလွှတ်ပေးသလဲဆိုတာတော့ မသိရဘူးသေးပါဘူး။
စစ်ရေးအခြေအနေ တင်းမာမှုတွေကြောင့် တနင်္သာရီ-ကော့သောင်း ကားလမ်းတွေကို ပြည်သူတွေ သတိပြု သွားလာပေးကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။