
ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်မြို့ကို အနယ်နယ်အရပ်ရပ်က စစ်ရှောင်ပြည်သူတွေ ပြောင်းရွှေ့နေထိုင်လာတဲ့အတွက် အိမ်ခြံမြေဈေး မြင့်တက်လာတယ်လို့ မြို့ခံပြည်သူတွေထံက သိရပါတယ်။
အခုနှစ် ဇန်နဝါရီလကစတင်ပြီး ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအတွင်းရှိ ကံမ၊ မင်းတုန်း၊ သရက်မြို့နယ်က စစ်ရှောင်ပြည်သူတွေ ပြောင်းရွှေ့လာတာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာတွေက ရာထူးကြီးသူတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
မြို့ခံတယောက်က “မြို့ထဲကိုထွက်လိုက်ရင်ကို မမြင်ဘူးတဲ့သူတွေပဲ မြင်နေရတယ်၊ တိုင်းရင်းသား စကားတွေပဲ ကြားနေရတယ်၊ တနေ့တနေ့ အိမ်ငှားလာရှာကြတဲ့သူတွေပဲ ထိုင်ပြီး လမ်းညွှန်နေရတယ်၊ ကျနော့်နောက်ဖေးကပ်ရက် အဆောင်တခုလုံး တလ ၅ သိန်း၊ စပေါ် သိန်း ၅၀ နဲ့ ငှားထားတယ်၊ ရခိုင်တွေကို” လို့ DVB ကို ပြောပါတယ်။
ငွေကြေးတတ်နိုင်သူတွေက အိမ်ခြံတွေ ဝယ်ယူနေထိုင်ကြသူရှိသလို ငွေကြေးမတတ်နိုင်သူတွေက မီးရထားလမ်းဘေး ကျူးကျော်နေအိမ်တွေကို ငှားရမ်းနေထိုင်ကြကာ တလ အိမ်ငှားခ တသိန်းအထက် ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ အာဏာမသိမ်းခင်က ပြည်မြို့ အိမ်ခြံမြေဈေးဟာ ရပ်ကွက်အလိုက် သိန်း ၁၀၀ ဝန်းကျင်ခန့်သာရှိပြီး စစ်ကောက်စီလက်အောက်ခံ ရာထူးကြီး ရယူထားသူ အများစုနေထိုင်တဲ့ အောင်ဆန်းပြည်သာယာရပ်ကွက်က ပေ ၄၀ ပေ ၆၀ ခြံမြေတကွက်ကို သိန်း ၁,၂၀၀ အထိ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
အိမ်ခြံမြေပွဲစားတယောက်က “ဒကစ အောင်နိုင်ဦးက ဆေးရုံကြီးနောက်လမ်းမှာ၊ သူ့နောက်ကြောက ရဲမင်းကြီး၊ လမ်းထိပ်မှာက စည်ပင်ညွှန်မှူး၊ အဲ့အိမ်အနောက်မှာ တောင်ငူရဲမှူး၊ ခေါင်းရင်းတလမ်းကျော်မှာက ကပစ ဗိုလ်မှူးတွေ၊ စည်ကားနေလိုက်တာ၊ မီးပျက်ရင် ဘယ်အိမ်ကအကောင်လဲ တန်းပေါ်တယ်၊ ဆိုလာနဲ့ သွပ်မိုးထားကြတဲ့အိမ်ဟာ အကောင်တွေပဲ” လို့ ပြောပါတယ်။