
အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ပိုအရှိန်တက်လာရင် ကနေဒါဟာ ကုန်စည်တွေအပေါ် တင်ပို့ခွန်ကောက်တာနဲ့ အမေရိကန်ကို ရေနံတင်ပို့မှု ကန့်သတ်တာလိုမျိုး အကောက်ခွန်မဲ့ ဆောင်ရွက်ချက်တွေ ချမှတ်နိုင်တယ်လို့ ကနေဒါ စွမ်းအင်ဝန်ကြီး ဂျိုနသန် ဝယ်လ်ကင်စန်က မတ် ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
အရေးပါတဲ့ ဓာတ်သတ္တုတွေအပေါ် အကောက်ခွန်မဲ့ အစီအမံတွေကို ချမှတ်ဖို့ ဖြစ်နိုင်ခြေကိုလည်း သူက မြှင့်တင်ခဲ့ပြီး ဒါဟာ အမေရိကန်က တရုတ်နိုင်ငံအပေါ် ပိုမိုမှီခိုအားထားအောင် တွန်းအားပေးသလို ဖြစ်နေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။
ကနေဒါဟာ အမေရိကန်ဆီ တင်သွင်းတဲ့ ရေနံကို ထိပ်တန်းထောက်ပံ့သူဖြစ်ပြီး အနောက်အလယ်ပိုင်းဒေသက ရေနံချက်စက်ရုံတွေကို အဓိကအားဖြင့် တနေ့ကို စည်ပေါင်း ၄ သန်းလောက်အထိ ပံ့ပိုးပေးနေတာပါ။
ကနေဒါအရာရှိတွေနဲ့ ဆွေးနွေးဖို့ သဘောတူပြီးတဲ့နောက်မှာမှ တင်သွင်းလာတဲ့ သံမဏိနဲ့ အလူမီနီယံထုတ်ကုန် အားလုံးအပေါ် နာရီပိုင်းအတွင်း အခွန်နှစ်ဆတိုးသွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အင်္ဂါနေ့မှာ ကတိပြုလိုက်အပြီး အဲဒီအစီအမံကို နာရီပိုင်းအတွင်း ပြန်ဆိုင်းငံ့လိုက်ပါတယ်။
ကုန်သွယ်ရေးစစ်ပွဲ ဆက်ပြင်းထန်နေရင် ကုန်သွယ်ရေးဒဏ်ခတ်မှုရဲ့ တစိတ်တပိုင်းအနေနဲ့ အမေရိကန် အီသနောအပေါ် အခွန်စည်းကြပ်ဖို့ စဉ်းစားနေတယ်လို့ ကနေဒါ စွမ်းအင်ဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဥပမာ ထရမ့်ပ်က ဧပြီလမှာ ကနေဒါကုန်စည်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း စည်းကြပ်ဖို့ အစီအစဉ်ကို ရှေ့တိုးဆောင်ရွက်ရင် အမေရိကန် လယ်သမားတွေအတွက် အရေးပါတဲ့ ကုန်သွယ်မှု ထုတ်ကုန်တခုဖြစ်တဲ့ U.S အီသနောဟာ စာရင်းထဲမှာ လုံးဝပါဝင်နိုင်တယ်လို့ ဝီလ်ကင်စန်က ပြောပါတယ်။
ကနေဒါက အမေရိကန်သွင်းကုန် ဒေါ်လာ ၁၅၅ ဘီလီယံကို လက်တုံ့ပြန် စည်းကြပ်ခွန် စည်းကြပ်မယ်လို့လည်း ခြိမ်းခြောက်ထားပါတယ်။
ကနေဒါအရာရှိတွေက အကောက်ခွန်မဲ့ ဒဏ်ခတ်မှုအတွက် ဒေါ်လာ ၃၀ ဘီလီယံ တန်ဖိုးရှိတဲ့ ကုန်ပစ္စည်းစာရင်းကို ကနဦး သတ်မှတ်ထားပေမဲ့ လက်ကျန်စာရင်းကို ထည့်သွင်းစဉ်းစားနေတယ် လို့လည်း ကနေဒါအရာရှိတွေက ပြောခဲ့ပါတယ်။
Source : Reuters