
သမ္မတဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်ဂယက်ကြောင့် စီးပွားရေးကျဆင်းမှာကို စိုးရိမ်မှုတွေနဲ့အတူ အမေရိကန်၊ အာရှနဲ့ ဥရောပစတော့ဈေးကွက်တွေ တန်ဖိုးထိုးကျနေပါတယ်။
အမေရိကန် စတော့ဈေးကွက်ဟာ ပြီးခဲ့တဲ့လ အမြင့်ဆုံး တန်ဖိုးနဲ့ယှဉ်ရင် ဈေးကွက်တန်ိဖုး ဒေါ်လာ ၄ ထရီလျံလောက် ဆုံးရှုံးသွားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ထရမ့်ပ် တက်ခါစမှာတော့ စီးပွားရေးအားကောင်းမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကြောင့် ဈေးကွက်တန်ဖိုးမြင့်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အဓိက ကုန်သွယ်ဖက် ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့အပေါ် စည်းကြပ်ခွန်ကောက်တာ အပါအဝင် ထရမ့်ပ်အစိုးရရဲ့ မူဝါဒသစ်အများအပြားက စီးပွားရေးလုပ်ငန်းတွေ၊ စားသုံးသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေအတွက် မရေရာမှုတွေ တိုးပွားလာစေခဲ့ပါတယ်။
သမ္မတ ထရမ့်ပ်က အမေရိကန်စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ရနိုင်သလားဆိုတဲ့ မေးခွန်းအပေါ် အကူးအပြောင်းကာလကို ဖြတ်သန်းရနိုင်တယ်လို့ မှတ်ချက်ပေးခဲ့အပြီးမှာ အခုလို သက်ရောက်ခဲ့တာ ဖြစ်ပါတယ်။
FOX သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်ပ်က “ဒီလိုကိစ္စမျိုးကို ခန့်မှန်းရတာတော့ မုန်းပါတယ်။ ကျုပ်တို့ လုပ်နေတာက အကြီးကြီးဆိုတော့ အကူးအပြောင်းကာလတခုဆိုတာ ရှိပါတယ်။ အမေရိကကို ဓနဥစ္စာတွေ ပြန်ယူလာမှာပါ။ အဲဒါက တကယ့်ကြီးကျယ်တဲ့ ကိစ္စပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
S&P 500 စတော့စျေးကွက်အညွှန်းကိန်းမှာ တနင်္လာနေ့က ၂ ဒသမ ၇ ရာခိုင်နှုန်း ထိုးကျသွားခဲ့ပြီး တနေ့တာ အကြီးဆုံး တန်ဖိုးကျဆင်းမှု ဖြစ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့ စံချိန်တင် မြင့်တက်ခဲ့တာနဲ့ ယှဉ်ရင်တော့ ၈ ဒသမ ၆ ရာခိုင်နှုန်းတောင် ကျသွားခဲ့တာဖြစ်ပါတယ်။
အဲဒါကိုပဲ စျေးကွက်တန်ဖိုးအရ ၄ ထရီလျံကျသွားတယ်လို့ တွက်ချက်ပြထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Tesla ရှယ်ယာဈေးတွေ ၁၅ ဒသမ ၄ ရာခိုင်နှုန်းတောင်ကျခဲ့သလို AI ချစ်ပ်ပြားထုတ်တဲ့ Nvidia စတော့ဈေးလည်း ၅ ရာခိုင်နှုန်းကျော်ကျခဲ့ပါတယ်။
Meta, Amazon နဲ့ Alphabet တို့လည်း ဈေးသိသိသာသာထိုးကျခဲ့ပါတယ်။ တချိန်တည်းမှာပဲ အာရှစတော့ဈေးတွေလည်း ထိုးကျသွားခဲ့ပါတယ်။
အဲဒီအင်တာဗျူးကို တနင်္ဂနွေနေ့မှာ ထုတ်လွှင့်ခဲ့အပြီးမှာ တနင်္လာနေ့မှာ အမေရိကန်စတော့ ဈေးကွက် ထိုးကျခဲ့သလို အင်္ဂါမနက်မှာလည်း ဂျပန် Nikkei ၊ တောင်ကိုရီးယား Kospi ၊ ဟောင်ကောင် hang Seng စတော့အညွှန်းကိန်းတွေ ကျဆင်းခဲ့ပြီး အာရှဈေးကွက်တစ်ခုလုံး အကျဘက် ရောက်ခဲ့တာဖြစ်ပါတယ်။
Source: Reuters