Home
နိုင်ငံတကာ
စစ်ပွဲ အဆုံးသတ်ရေး ထရမ့်ပ် ကြိုးပမ်းချက်က အဆုံးအဖြတ်ဖြစ်ဟု ယူကရိန်းပါလီမန် ပြော
DVB
·
March 4, 2025
Photo: REUTERS/Brian Snyder

ယူကရိန်းနိုင်ငံရဲ့ လုံခြုံရေးကို အမေရိကန်ဆီက ထောက်ပံ့ကူညီမှုနဲ့ အာမခံထားတာဖြစ်ကြောင်း ယူကရိန်းပါလီမန်က မတ် ၃ ရက်မှာ ပြောကြားခဲ့ပြီး ရုရှားနဲ့ ၃ နှစ်ကြာစစ်ပွဲကို အဆုံးသတ်ဖို့ ကြိုးပမ်းမှုမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းချက်က “အဆုံးအဖြတ်ဖြစ်တယ်” လို့လည်း ဖော်ပြ ပြောဆိုခဲ့ပါတယ်။

ဒီကြေညာချက်ကို အိမ်ဖြူတော်မှာ ထရမ့်ပ်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ အကြား လူသိရှင်ကြား အငြင်းအခုံ ဖြစ်သွားခဲ့ပြီးနောက် ၃ ရက်အကြာမှာ ထုတ်ပြန်ခဲ့တာပါ။

“ယူကရိန်းပြည်သူတွေဟာ ကမ္ဘာပေါ်က တခြားသူတွေထက် ငြိမ်းချမ်းရေးကို ပိုလိုလားကြပြီး သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပုဂ္ဂိုလ်ရေး အခန်းကဏ္ဍနဲ့ သူ့ရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ကြိုးပမ်းချက်တွေဟာ ရန်လိုမှုတွေ မြန်မြန်ဆန်ဆန် ရပ်တန့်ရေးနဲ့ ယူကရိန်း၊ ဥရောပနဲ့ ကမ္ဘာတဝန်းလုံးအတွက် ငြိမ်းချမ်းရေးအောင်မြင်မှုမှာ ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးမယ်လို့ ယုံကြည်ကြောင်း” ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဝါရှင်တန်ရဲ့ ထောက်ခံမှုဟာ ယူကရိန်းပြည်သူတွေ အတွက် အရင်ကထက် ပိုအရေးကြီးကြောင်းနဲ့ ယူကရိန်းဟာ စစ်မှန်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေး အတွက် လုံခြုံရေးအာမခံချက် လိုအပ်ကြောင်းလည်း မတ် ၃ ရက် ညနေခင်းမိန့်ခွန်းမှာ ပြောသွားပါတယ်။

သူ့နိုင်ငံဟာ ရုရှားနဲ့ ၃ နှစ်ကြာစစ်ပွဲကို အမြန်အဆုံးသတ်ဖို့ သင့်လျော်တဲ့ သံခင်းတမန်ခင်း လိုအပ်ကြောင်းလည်း ပြောဆိုပါတယ်။

အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ ဇလန်းစကီး တို့ရဲ့ ဆွေးနွေးမှု ပျက်သွားပြီးနောက် ၂ ရက်အကြာမှာ သမ္မတ ဇလန်းစကီးဟာ ယူကရိန်းရဲ့ ဥရောပမဟာမိတ်တွေရဲ့ သီတင်းပတ်ကုန်က ပြုလုပ်တဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အဲဒီအစည်းအဝေးဟာ စစ်ပွဲပြေလည်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ ထရမ့်ပ်ဟာ ယူကရိန်း သတ္တုတွင်းထွက် သဘောတူညီချက်နဲ့ ပတ်သက်ပြီး မတ် ၄ ရက် ညပိုင်းမှာ အနေအထားသစ် အပ်ဒိတ်တခု ပေးမယ်လို့ဆိုပြီး ယူကရိန်းသမ္မတ  ဗိုလိုဒီမာ ဇလန်းစကီးဟာ ဝါရှင်တန်ရဲ့ ပံ့ပိုးကူညီမှုကို ပိုမိုတန်ဖိုးထားသင့်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013