Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ဇလန်းစကီးတို့  ကတောက်ကဆတ်ဖြစ်မှု ဘယ်ကစလဲ   
DVB
·
March 2, 2025
Photo: Reuters

အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့  ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးတို့ အကြား စကားအချေအတင်ဖြစ်ပြီး တင်းမာသွားခဲ့ရတဲ့ အခြေအနေဟာ  ဇလန်းစကီးရဲ့ ဝတ်စားပုံနဲ့ပတ်သက်ပြီး သတင်းထောက်ရဲ့ မေးခွန်းထုတ်ခဲ့ရာကနေ စတင်လှုံ့ဆော်ခဲ့တာ ဖြစ်နိုင်တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

အိမ်ဖြူတော် ရောက်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီး ကားထဲက ထွက်လာတဲ့အချိန် စနှုတ်ဆက်ကတည်းက  သမ္မတထရမ့်ပ်က “ခင်ဗျား သေချာဝတ်စားလာတာပဲ” လို့ ပြောခဲ့ပါတယ်။ 

ဇလန်းစကီးရဲ့  အသွားသုံးချောင်းပါ ခက်ရင်းခွ တံဆိပ်ပါ စစ်တပ်ဝတ်စုံပုံစံ sweatshirt ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ မှာ ရုရှားက ယူကရိန်းကို အလုံးစုံ ကျူးကျော်မှုစတင်ကတည်းက ဇလန်းစကီးဟာ  ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း အနောက်တိုင်းဝတ်စုံပြည့် မဝတ်တော့ဘဲ စစ်ရှပ်အင်္ကျီကိုပဲ ဝတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ယူကရိန်းစစ်သည်တော်တွေနဲ့ တသားတည်းရှိကြောင်း ကိုယ်စားပြုတဲ့ ပုံစံလည်း ဖြစ်တယ်လို့ ဇလန်းစကီးက ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်းအပေါ် အမေရိကန် အကူအညီပေးတာကို မကျေနပ်တဲ့ ဝေဖန်သူတွေကတော့  ဒီလို ဝတ်တာကစပြီး  မလေးစားတဲ့ အပြုအမူလို့ ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဇလန်းစကီး အနောက်တိုင်းဝတ်စုံပြည့် မဝတ်တာကို  ရှုတ်ချဝေဖန်တဲ့ အမေရိကန်သတင်းထောက်တယောက်ရဲ့ မေးခွန်းကစပြီးတော့ ရုံးခန်းတွင်း အခြေအနေ တင်းမာသွားခဲ့တာလို့ တက်ရောက်ခဲ့တဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။ 

အဲဒီနောက်မှာ လေးစားတာတွေ၊ ကျေးဇူးတင်တာတွေ ကိစ္စရှုပ်ထွေးကုန်ပြီး ဇလန်းစကီး၊ ထရမ့်ပ်နဲ့ ဒုသမ္မတ မိုက်ခ်ပင့်စ်တို့အကြား စကားအချေအတင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အစည်းအဝေးအတွက် သတင်းထောက်တွေကို မေးခွန်း မေးခိုင်းရာမှာ ကွန်ဆာဗေးတစ်ရုပ်သံ Real America's Voice က အိမ်ဖြူတော် သတင်းထောက်ချုပ် ဘရိုင်ယန်ဂလန်းက ဒီမေးခွန်းကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

“ခင်ဗျားဘာလို့ (အနောက်တိုင်း) ဝတ်စုံ မဝတ်တာလဲ၊ ဒီနိုင်ငံရဲ့ အမြင့်ဆုံးရုံးခန်းမှာ ရောက်နေတာကို ဘာလို့ ဝတ်စုံပြည့်ဝတ်ဖို့ငြင်းတာလဲ” လို့ စမေးခွန်းထုတ်ပါတယ်။

အဲဒီနောက်မှာ “ခင်ဗျားမှာ ဝတ်စုံမရှိဘူးလား၊ ဒီရုံးရဲ့ ဂုဏ်သိက္ခာကို ခင်ဗျား မလေးစားတာကို အမေရိကန်တွေ တော်တော်များများက မကျေနပ်ကြဘူးဗျ" လို့ သတင်းထောက်က ဆက်ပြောခဲ့ပါတယ်။

အဲဒီမေးခွန်းမတိုင်မီအထိ ဇလန်းစကီးက သံတမန်ဆန်တဲ့၊ ခင်မင်တဲ့ ပုံစံမျိုးနဲ့ ထရမ့်ပ်နဲ့ စကားပြောနေခဲ့တာ ဖြစ်ပါတယ်။

“ဒီစစ်ပွဲပြီးရင် ကျနော် ဝတ်စုံပြည့်ဝတ်မှာပါ။ ခင်ဗျား ဝတ်ထားတဲ့ဟာမျိုးပေါ့ဗျာ။ အဲဒီထက် ပိုကောင်းချင်လည်းကောင်းမှာပေ့ါ။ မပြောတတ်ဘူး” လို့ ဇလန်းစကီးက တုံ့ပြန်ခဲ့ပါတယ်။

“ဒီထက်ဈေးပေါတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့” လို့ ထပ်ပြောခဲ့ပြီး  အခန်းထဲမှာ ရယ်သံတွေ ကြားခဲ့ရပါတယ်။ 

မေးခွန်း မေးမြန်းတဲ့ သတင်းထောက်ဟာ ထရမ့်ပ် ထောက်ခံသူအဖြစ်  အထူးထင်ရှားသူဖြစ်ပြီး သမ္မတထရမ့်ပ်နဲ့ အမေရိက ပထမလမ်းစဉ်ကို ရာနှုန်းပြည့်ထောက်ခံသူလို့ ပြောထားသူ ဖြစ်ပါတယ်။

ဇလန်းစကီး ထောက်ခံသူတွေကတော့ ဒုတိယကမ္ဘာစစ်တုန်းက ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီဟာလည်း အဲဒီတုန်းက အမေရိကန်သမ္မတ ဖရန်ကလင်ရုစဗဲ့နဲ့ တွေ့ဆုံစဉ်မှာ ဗုံးခိုရာမှာ ဝတ်တဲ့အပေါ်အောက်တဆက်တည်း ဝတ်စုံမျိုး ဝတ်ဆင်ခဲ့ဖူးတာကို ထောက်ပြပါတယ်။

စစ်ကာလမှာ တခြားစစ်ယူနီဖောင်းတွေလည်း ပုံမှန်ဝတ်လေ့ရှိခဲ့ပါတယ်။ ဂျာမနီက လေကြောင်းက ဗုံးကြဲရင် siren suit  လို့ ထင်ရှားတဲ့ အပေါ်အောက်တဆက်တည်း  jumpsuit ဝတ်စုံ ဝတ်ဆင်ပြီး ပုန်းခိုကြရတာ ဖြစ်ပါတယ်။ 

နောက်ပိုင်းမှာ ထရမ့်ပ်က ဇလန်းစကီး ဝတ်စုံကို ကြိုက်တယ်လို့ မှတ်ချက်ပေးခဲ့ပေမဲ့ နောက်ကွယ်မှာတော့ ပြဿနာတက်ခဲ့တယ်လို့ ဆိုပါတယ်။

ထရမ့်ပ်နဲ့ လာမတွေ့မီမှာ အိမ်ဖြူတော်ဝန်ထမ်းတွေက ဇလန်းစကီး အနောက်တိုင်းဝတ်စုံပြည့်ဝတ်ဖို့ တောင်းဆိုခဲ့ပြီး မဝတ်လာခဲ့တဲ့အတွက် မကျေမနပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ မိနစ် ၂၀ နီးပါးလောက် မေးခွန်းတွေ ဖြေခဲ့ကြပေမဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်က ကြားဖြတ်ဝင်ပြောပြီး ဇလန်းစကီးကို ထိုးနှက်ရာကနေ ပြဿနာစတက်ခဲ့တာဖြစ်ပါတယ်။

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013