
အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်မှာ ဖေဖော်ဝါရီ ၂၈ ရက် အစောပိုင်းက ခေါင်းဆောင် ၂ ဦး ထိပ်တိုက်တွေ့ဆုံမှုအပြီးမှာ ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်ပ်နဲ့ အမေရိကန်ပြည်သူတွေကို လေးစားကြောင်း Fox News သတင်းဌာနကို ပြောကြား ခဲ့ပါတယ်။
ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲအရေးအပေါ် အိမ်ဖြူတော်မှာ ကမ္ဘာ့မီဒီယာတွေရှေ့မှောက်မှာ ခေါင်းဆောင် ၂ ဦး ထူးထူးခြားခြား စကားအခြေအတင် ဖြစ်သွားပြီးနောက်မှာ ထရမ့်ပ် နဲ့ ဇီလန်စကီး တို့ကြားက တွေ့ဆုံမှုဟာ မလှမပ အဆုံးသတ်သွားခဲ့ပြီး တွေ့ဆုံမှုလည်း ပျက်ပြားသွားပါတယ်။
ခေါင်းဆောင် ၂ ဦးဟာ ယူကရိန်းရဲ့ ဓာတ်သတ္တုအရင်းအမြစ်တွေကို အသုံးချခြင်းဆိုင်ရာ သဘောတူညီချက်ကို နိဂုံးချုပ်ဖို့ မျှော်လင့်ထားပေမယ့်လည်း ဇလန်းစကီးဟာ သဘောတူညီချက် ကို လက်မှတ်ရေးထိုးခြင်း မရှိဘဲ အိမ်ဖြူတော်မှ ထွက်ခွာသွားခဲ့ပါတယ်။
ယူကရိန်းခေါင်းဆောင်ကို ထွက်သွားဖို့လည်း ပြောခဲ့တယ်လို့ အမေရိကန် အရာရှိ တဦးက ပြောဆို ပါတယ်။
Fox News မှ သတင်းတင်ဆက်သူ Bret Baier က "ယူကရိန်းက ဒီစစ်ပွဲကို အောင်နိုင်မလား ဒါမှမဟုတ် အမေရိကန်ရဲ့ အထောက်အပံ့ကို ဆက်မပေးရင် ရုရှားကို ရပ်တန့်ထားနိုင်မလား” ဆိုတဲ့ မေးခွန်းကို “ကျနော်တို့အတွက် ခက်ခဲပါလိမ့်မယ်။ အဲဒါကြောင့် အနာဂတ် စေ့စပ် ညှိနှိုင်းမှုတွေအကြောင်း ပြောတာပါ။ အမေရိကန်ရဲ့ ပံ့ပိုးမှု မပါရင် ခက်ခဲလိမ့်မှာပေမယ့် မရှုံးနိုင်ပါဘူး” လို့ ဖြေကြားသွားပါတယ်။
အခု လောလောဆယ်တော့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှု ပမာဏ ကြီးကြီးမားမား မတွေ့ရသေးပါဘူး လို့လည်း ဆိုပါတယ်။
သူနဲ့ ထရမ့်ပ်ကြား ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာနိုင်မလားလို့ ဇလန်းစကီးကို မေးမြန်းရာမှာတော့ ဇလန်းစကီးက “ဟုတ်ကဲ့။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတထက် ဆက်ဆံရေးက ပိုပါတယ်။ ဒါက သမိုင်းဝင်ဆက်ဆံရေး၊ ငါတို့ပြည်သူတွေကြား ခိုင်မာတဲ့ဆက်ဆံရေးပဲ" လို့ ပြောကြားခဲ့ပါတယ်။
ဇလန်းစကီးဟာ ဘဲဥပုံရုံးခန်းမှာ တွေ့ဆုံမှုက လွန်ခဲ့တဲ့ ၃ နှစ်က ယူကရိန်းကို ကျူးကျော်ဖို့ အမိန့် ပေးခဲ့တဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တစ်ဖက်တည်းမှာ မရပ်ခဲ့တဲ့ အမေရိကန်ပြည်ထောင်စုကို စည်းရုံး သိမ်းသွင်းနိုင်မယ့် အခွင့်အရေး တခုအဖြစ် မြင်ခဲ့တာပါ။
အဲဒီအစား အမေရိကန်သမ္မတ ထရမ့်ပ်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့က ဇလန်းစကီးကို ဝေဖန် ပြစ်တင်ခဲ့ကာ ဇလန်းစကီးဟာ လေးစားမှုမရှိကြောင်း ပြောဆိုခဲ့ပြီး ကိယက်ဗ်ရဲ့ အရေးအပါဆုံး စစ်အတွင်း မဟာမိတ်ဆက်ဆံရေးကို အနိမ့်ဆုံးအထိ ဆွဲချသွားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က သူနဲ့ အိမ်ဖြူတော်မှာ အစောပိုင်းက ထိပ်တိုက်တွေ့ခဲ့တဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ငြိမ်းချမ်းရေးကို လိုလားသူတစ်ဦးနဲ့ မတူဘူးလို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
သူက သူ့ကိုယ်သူ ယုံကြည်မှု အရမ်းလွန်ကဲနေတယ်လို့ ထင်မြင်ကြောင်းလည်း ဆိုပါတယ်။
အခုသီတင်းပတ်အတွင်း လူ ၂၀၀၀ လောက် သေဆုံးခဲ့ပြီး အဲဒီထဲမှာ စစ်သားတွေက ပိုများပေမယ့် အဒီထဲမှာ ယူကရိန်းနဲ့ ရုရှား လူငယ်တွေ ပါဝင်နေတာကြောင့် ကျနော်တို့က ငြိမ်းချမ်းရေးကိုသာ လိုချင်တာဖြစ်ပြီး စစ်ပွဲလိုက်ရှာပြီးတော့ စစ်တိုက်တမ်း ကစားနေတာ မဟုတ်ဘူး၊ ဇလန်းစကီး ကတော့ ငြိမ်းချမ်းရေး လိုချင်တယ်လို့သာ နှုတ်က ပြောနေပြီး တကယ်တော့ စစ်ကို ဆက်တိုက်ချင်နေပြီး တိုက်ပွဲဝင်ဖို့ ကြိုးပမ်းနေတာ၊ တကယ်တော့ သူ့မှာ နိုင်ဖဲ မရှိတော့ဘူးလို့လည်း ထရမ့်ပ်က ပြောပါတယ်။
သူက အပစ်အခတ်ရပ်စဲရေးကို မလုပ်ချင်ဘူး။ အပစ်အခတ်ရပ်စဲရေးကို ချက်ချင်း ရချင်တယ်၊ စစ်ပွဲကို ရပ်စဲချင်တယ် ဆိုရင်တော့ အချိန်အတိုင်းအတာ တခုအထိ ကြာမြင့်မယ့် သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရမှာပဲလို့ ဆိုပါတယ်။
Source; Reuters