Home
နိုင်ငံတကာ
ဗြိတိန်-အမေရိကန် ကုန်သွယ်မှုတွင် ပြည်ပသွင်းကုန်ခွန် မလိုအပ်ဟု ထရမ့်ပ် ပြော
DVB
·
February 28, 2025
Photo : Reuters

ဗြိတိန်-အမေရိကန် ကုန်သွယ်မှုမှာ ပြည်ပသွင်းကုန်ခွန် မလိုအပ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် စတာမာ အိမ်ဖြူတော်ကို အလည်အပတ်ရောက်ရှိနေပြီး သတင်းစာရှင်းလင်းပွဲ အတူပြုလုပ်ခဲ့ချိန်မှာ ထရမ့်ပ်က ၂ နိုင်ငံ ကုန်သွယ်မှု အလျင်အမြန် ဖြစ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

စတာမာရဲ့ အမေရိကန်ခရီးစဉ်ဟာ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနိုင်မယ့် ကြိုးပမ်းမှုတခုဖြစ်ပြီး ၂ နိုင်ငံ ကုန်သွယ်ရေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။

စတာမာက ဗြိတိန်နိုင်ငံကို ဒုတိယအကြိမ် လာရောက်လည်ပတ်ဖို့ ချားလ်စ်ဘုရင်ရဲ့ ဖိတ်ကြားတဲ့ စာတစောင်ကိုလည်း ထရမ့်ပ်ကို ပေးခဲ့ပါတယ်။

ထရမ့်ပ်က အဲဒီစာကို ဘဲဥပုံရုံးခန်း ကင်မရာတွေရှေ့မှာပဲ လက်ခံခဲ့ပြီး ဒီလိုဖိတ်ကြားခံရတာက ကြီးကျယ်တဲ့ ဂုဏ်ပြုမှုတခုဖြစ်ကြောင်းနဲ့ ချားလ်စ်ဘုရင်ဟာ အံ့အားသင့်ဖွယ်လူတယောက် ဖြစ်ကြောင်း ပြောပါတယ်။

ထရမ့်ပ်ဟာ ၂၀၁၉ ခုနှစ်က ဗြိတိန်ကို တကြိမ် ရောက်ရှိခဲ့ဖူးပြီး ဒုတိယအကြိမ် အလည်အပတ်ခရီးစဉ်ဟာ သူ့အတွက် သမိုင်းဝင် အဖြစ်အပျက် ဖြစ်လာမှာပါ။

ပုံမှန်အားဖြင့် အမေရိကန်သမ္မတတွေဟာ ဗြိတိန်ကို နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် တကြိမ်သာ သွားခဲ့ဖူးတာကြောင့် ထရမ့်ပ်ကို ဖိတ်ကြားမှုက ထူးခြားမှာဖြစ်ပါတယ်။

ဒါ့အပြင် စတာမာက ဗြိတိန်နဲ့ အမေရိကန်တို့ AI နည်းပညာ သဘောတူညီချက် စတင်လုပ်ဆောင်မယ်လို့ ပြောပါတယ်။

ဗြိတိန်နဲ့ အမေရိကန်တို့ဟာ ပြီးခဲ့တဲ့ ရာစုနှစ်က ကြီးကျယ်တဲ့ နည်းပညာဆိုင်ရာ တီထွင် ဖန်တီးမှုတွေ ပြုလုပ်ခဲ့ပြီး ၂၁ ရာစုမှာလည်း အဲဒီလို လုပ်ဆောင်ဖို့ အခွင့်အရေးရှိတယ်လို့ စတာမာက ပြောပါတယ်။

“AI ဟာ ကင်ဆာကို ကုသနိုင်မှာပါ။ ကျနော်တို့ခေတ်က လပေါ်ကို သွားသလိုပေါ့။ ဒီလို နည်းပညာတွေကို ကျနော်တို့ ပြည်သူတွေကို ပေးရမှာပါ” လို့ စတာမာက ပြောပါတယ်။

ထရမ့်ပ်ဟာ မဟာမိတ်နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ်လို့ အကြိမ်ကြိမ် ခြိမ်းခြောက်ခဲ့ပြီး အဲဒီနိုင်ငံတွေထဲမှာ ဗြိတိန်လည်း ပါဝင်ပါတယ်။

စတာမာက အခွန်ကိစ္စနဲ့ပတ်သက်ပြီး ကြိုးစားခဲ့လားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က ကြိုးစားခဲ့တယ်လို့ ဖြေခဲ့ပါတယ်။

“ကြီးကျယ်တဲ့နိုင်ငံ ၂ ခုမှာ ပြည်ပသွင်းကုန်ခွန်မလိုတဲ့ မှန်ကန်တဲ့ ကုန်သွယ်မှုတွေ ပြုလုပ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ စောင့်ကြည့်ရမှာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။

ဗြိတိန်နိုင်ငံဟာ ဥရောပသမဂ္ဂကနေ ထွက်ပြီးနောက် အမေရိကန်နဲ့ လွတ်လပ်စွာ ကုန်သွယ်မှုရဖို့ ဗြိတိန်ခေါင်းဆောင်တွေက မျှော်လင့်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013