Home
နိုင်ငံတကာ
ဂါဇာအပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက် အစ္စရေး ချမှတ်ရမည်ဟု ထရမ့်ပ် ပြော
DVB
·
February 27, 2025
Photo : Reuters

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးကို ဘယ်လိုရှေ့ဆက်ရမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ကို အစ္စရေးက ချမှတ်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ ဝါရှင်တန်က ကက်ဘိနက် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်အတွက် တိုးတက်မှုရှိမရှိ သိချင်ကြောင်း သတင်းထောက်ရဲ့ အမေးကို သမ္မတ ထရမ့်ပ်က ဖြေကြားခဲ့တာပါ။

“အပစ်အခတ်ရပ်စဲရေး ပထမအဆင့်က ပြီးဆုံးတော့မယ်။ ဟားမတ်စ်က လူငယ် ၄ ယောက်ရဲ့ အလောင်းတွေကို ပြန်ပို့ပေးလိုက်တယ်။ လူငယ် ၄ ယောက်ရဲ့ အလောင်းတွေကို မြင်ရတော့ စိတ်ပျက်သွားမိတယ်။ လူငယ်တွေဆိုတာ မသေရဘူးလေ။ ဟားမတ်စ်ကတော့ အလောင်းတွေကို ပြန်ပို့ပေးရတာဟာ သူတို့က မျက်နှာသာပေးနေတယ်လို့ ထင်နေပုံပဲ။ ဟားမတ်စ်ဟာ သိပ်ရက်စက်တဲ့ လူအုပ်စုဖြစ်ပြီး အစ္စရေးအနေနဲ့ သူတို့ ဘာလုပ်နေတယ် ဆိုတာကို ဆုံးဖြတ်ရတော့မယ်။ ဒါကို အစ္စရေးက၊ ဘီဘီ (နေတန်ယာဟု) က ဆုံးဖြတ်ချက်ချရမှာ” လို့ ထရမ့်ပ်က ပြောပါတယ်။

ဓားစာခံတွေ အများကြီးတော့ ပြန်ရပေမဲ့ သူတို့တွေ ကြုံတွေ့ခဲ့ရ ဖြစ်ပျက်ခဲ့ရတာတွေက သိပ်ဝမ်းနည်းစရာ ကောင်းတယ်လို့လည်း ဆိုပါတယ်။

ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ဟာ ဂါဇာ အပစ်အခတ်ရပ်စဲရေး ပထမအဆင့်မှာ ပါဝင်တဲ့ နောက်ဆုံး ဓားစာခံအလောင်းတွေကို လွှတ်ပေးဖို့ သဘောတူညီခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ရုံးခန်းကလည်း သေဆုံးသွားတဲ့ ဓားစာခံ ၄ ယောက်ရဲ့ ရုပ်အလောင်းတွေကို လွှဲပြောင်းပေးအပ်ဖို့ သဘောတူညီမှု ရရှိထားပြီလို့ ပြောပါတယ်။

ဟားမတ်စ်က ဆာချီ အီဒန်၊ အစ်ဇက် အယ်လ်ဂါရတ်၊ အိုဟာ့ဒ် ယာဟာလိုမီနဲ့ ရှလိုမို မန်ဇူ တို့ရဲ့ အလောင်းတွေကို ဗုဒ္ဓဟူးနေ့ညမှာ ပြန်လွှတ်ပေးမယ်လို့ ပြောကြားခဲ့ပြီး ဂါဇာရှိ ဆေးရုံတရုံမှာလည်း အလဲအလှယ်အနေနဲ့ ပြန်လွတ်လာမယ့် ပါလက်စတိုင်း အကျဉ်းသားတွေကို လက်ခံဖို့ ပြင်ဆင်နေပြီ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

သမ္မတ ထရမ့်ပ်က သူဟာ မိဘတွေ၊ ဒီအရေးကြုံရသူတွေ အများကြီးနဲ့ စကားပြောကြည့်ပြီးကြောင်းနဲ့ “သူတို့ဟာ သူတို့သားသမီးတွေကို အလောင်းပဲဖြစ်ဖြစ် ပြန်ရပါရစေ ဆိုပြီး တောင်းဆိုကြတယ်။ သူတို့သား၊ သူတို့သမီးတွေက သေနေပြီ၊ ဒါပေမဲ့ သူတို့ရဲ့အလောင်းတွေက ဟားမတ်စ်ဆီမှာ ရှိနေလို့ ပြန်ယူဆောင်ပေးဖို့ တောင်းဆိုကြတယ်။ ဒါဟာ အကြီးဆုံးကိစ္စပါ။ သူတို့လိုချင်တဲ့အဆင့်က အဲဒီလူတွေရဲ့ အလောင်းတွေ။ သူတို့ကဖြင့် သေနေကြပြီလေ” လို့ စိတ်မကောင်းစွာ ပြောကြားခဲ့ပါတယ်။

ဟားမတ်စ်ဘက်က ပြန်ပို့လာတဲ့ အလောင်းတွေကို လက်ခံရရှိတဲ့ အစ္စရေးမိသားစုတွေ ဝမ်းနည်း ပူဆွေးကြရပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း သူတို့နိုင်ငံမှာ ကြုံခဲ့ရတဲ့ စိတ်သောက စိတ်ဒဏ်ရာတွေကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024