Home
နိုင်ငံတကာ
ဘတ်ဂျက် ၁ ထရီလီယံ ဖြတ်မည်ဟု အီလွန်မတ်စ်ခ် ကြုံးဝါး၊ အီလွန်ကို မကျေနပ်သူရှိလားဟု ထရမ့်ပ် မေးခွန်းထုတ်
DVB
·
February 27, 2025
Photo : Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ပထမဆုံး ကက်ဘိနက် အစည်းအဝေးကို ဖေဖော်ဝါရီ ၂၆ ရက်က ကျင်းပခဲ့ရာမှာ အီလွန်မတ်စ်ခ်က အဓိက စကားပြောခွင့် ရခဲ့ပါတယ်။

ထရမ့်ပ်က ပြည်ထောင်စုအစိုးရဌာနတွေ ဝန်ထမ်းလျှော့ချမှု အကြီးအကျယ်လုပ်ဖို့ ညွှန်ကြားခဲ့သလို မတ်စ်ခ်ကလည်း ၆ ဒသမ ၇ ထရီလီယံ ဘတ်ဂျက်ထဲကနေ ဒီနှစ်ထဲ ၁ ထရီလီယံ လျှော့မယ်လို့ ကြုံးဝါးခဲ့ပါတယ်။

မတ်စ်ခ်က “ကျေးဇူးပါ သမ္မတကြီးခင်ဗျား။ တကယ်တော့ ဒီအစည်းအဝေးမှာ ကို့ယ်ကိုယ်ကိုယ် သာမည နည်းပညာအကူဝန်ထမ်းလေးလို့ ခေါ်ရမှာ။ ကြားရတာ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပေမဲ့ တကယ်လည်း DOGE ဌာနက လုပ်နေတဲ့အလုပ်က ဒီအလုပ်ပါပဲခင်ဗျ” လို့ မိတ်ဆက်ခဲ့ပါတယ်။

မတ်စ်ခ်က Make America Great Again ဘေ့စ်ဘောဦးထုပ် ဆောင်းပြီးတော့ tech support (နည်းပညာအကူ) လို့ရေးထားတဲ့ တီရှပ်အင်္ကျီနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်က မတ်စ်ခ်ကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အစိုးရအဖွဲ့ အစည်းအဝေးစားပွဲဝိုင်း ထိပ်ကနေ တင်ပြခိုင်းခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း တက်လာတဲ့ ဝန်ကြီးတွေကို “အီလွန်ကို မကျေနပ်တဲ့သူရှိလား” လို့ နောက်ပြောင် မေးခွန်းထုတ်ခဲ့တာကြောင့် ရယ်မောခဲ့ကြပါတယ်။

မတ်စ်ခ်ဟာ ကက်ဘိနက်အဖွဲ့ဝင်အဆင့် ဝန်ကြီးမဟုတ်သလို သူဦးစီးနေတဲ့ DOGE ဌာနဆိုတာရဲ့ တရားဝင်အကြီးအကဲတောင် မဟုတ်ဘူးလို့ အိမ်ဖြူတော်က တရားရုံးမှာတင်ပြတဲ့ အထောက်အထားတွေမှာ ဖော်ပြပါတယ်။

လစာမယူတဲ့ စေတနာ့ဝန်ထမ်း သဘောဆောင်တဲ့ “အထူးအစိုးရဝန်ထမ်း” (Special Government Employee) သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုလုပ်သားအင်အားကို “သိသိသာသာလျှော့ချဖို့” အစီအစဉ်တွေ မတ် ၁၃ ရက် နောက်ဆုံးထားတင်ပြဖို့ ထရမ့်ပ်အစိုးရက ညွှန်ကြားခဲ့ပေမဲ့ အရေအတွက်တော့ မဖော်ပြပါဘူး။

မတ်စ်ခ်ရဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ရဲ့ အစီအစဉ်နဲ့ ဝန်ထမ်းလျှော့ချမှုတွေ လုပ်နေပေမဲ့ လက်ရှိမှာ အစမ်းခန့်ဝန်ထမ်းတွေပဲ အဓိကဖယ်ရှားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရဝန်ထမ်း ၂ ဒသမ ၃ သန်းရှိရာမှာ အဖြုတ်ခံရတဲ့သူနဲ့ လျော်ကြေးယူပြီး ထွက်တဲ့သူ စုစုပေါင်း တသိန်းလောက်ရှိပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်တသုတ်မှာတော့ လုပ်သက်ရင့်ဝန်ထမ်းတွေ အများကြီးပါဖို့ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အေဂျင်စီလို ဌာနတွေဟာ ဝန်ထမ်း ၆၅ ရာခိုင်နှုန်းလောက်ထိ လျှော့မှာဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ငါးလုပ်ငန်းနဲ့ တောရိုင်းထိန်းသိမ်းရေးဌာန၊ အင်ဒီးယန်းရေးရာဗျူရိုတို့လို ဌာနတွေမှာ ၄၀ ရာခိုင်နှုန်း လျှော့မယ်လို့ သိရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013