
လွန်ခဲ့တဲ့ ဇန်နဝါရီလအတွင်း ဥရောပတိုက်မှာ Tesla (တက်စလာ) လျှပ်စစ်ကားရောင်းအား ထက်ဝက်နီးပါး ကျဆင်းလာတာနဲ့အမျှ အမေရိကန်ကုမ္ပဏီရဲ့ ရှယ်ယာစျေးတွေဟာ ၉ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။
အခုလိုမျိုး ရှယ်ယာစျေး လျော့ကျမှုကြောင့် ၂၀၂၄ နိုဝင်ဘာလနောက်ပိုင်း Tesla ကုမ္ပဏီတခုလုံးရဲ့ တန်ဖိုးသတ်မှတ်ချက်က ဒေါ်လာ ၁ ထရီလီယံအောက်ကို ပထမဆုံးအကြိမ် ပြန်ရောက်သွားပါတယ်။
ဒါဟာ ဥရောပဈေးကွက်မှာ တရုတ်ကုမ္ပဏီတွေ အပါအဝင် အခြားကားထုတ်လုပ်သူတွေရဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုကို Tesla က ရင်ဆိုင်နေရတာကြောင့် ဖြစ်ပါတယ်။
နောက်တချက်က Tesla ပိုင်ရှင် အီလွန်မတ်စ်ခ်ဟာ ဥရောပတိုက်မှာရော အမေရိကတိုက်မှာပါ အငြင်းပွားဖွယ်ရာ နိုင်ငံရေးလှိုင်းတွေကို ဖန်တီးနေတာကြောင့် ဖြစ်တယ်လို့ လေ့လာသူတယောက်က သုံးသပ်ထားပါတယ်။
ဥရောပတိုက် တခုတည်းမှာတင် Tesla ရဲ့ ရောင်းအားက ၅၀ ရာခိုင်နှုန်းကျော်ကို ကျဆင်းသွားခဲ့ပြီး ဗြိတိန်လိုမျိုး အခြားဆက်စပ်နိုင်ငံတွေမှာဆိုရင် ရောင်းအားကျဆင်းမှု ၄၅ ရာခိုင်နှုန်းကျော်အထိ ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်တုန်းက Tesla ရောင်းအား ပထမဆုံးအကြိမ် ကျဆင်းခဲ့ပြီးနောက် တရုတ်ကုမ္ပဏီ BYD ရဲ့ ခြေလှမ်းကျယ်ကြီးတွေကို မြင်တွေ့လာရပါတယ်။
BYD က Tesla လိုမျိုး အခြားထုတ်လုပ်သူတွေဆီမှာ အပိုကြေးပေးရတဲ့ အလိုအလျောက် မောင်းနှင်မှုနဲ့ နောက်ဆုံးပေါ်နည်းပညာအချို့ကို ပုံမှန်လျှပ်စစ်ကားတွေမှာတင် ထည့်ပေးထားတဲ့အတွက် ဖြစ်ပါတယ်။
ဒါ့အပြင် မတ်စ်ခ်နဲ့ ထရမ့်ပ်ကြား နီးစပ်မှုကြောင့် အမေရိကန်ရွေးကောက်ပွဲ အနိုင်ရပြီးချိန်မှာ Tesla ရဲ့ ရှယ်ယာစျေးတွေဟာ ထိုးတက်ခဲ့ဖူးပါတယ်။
အမေရိကန်သမ္မတရဲ့ “အရင်းနှီးဆုံးမိတ်ဆွေ” (First Buddy) တဖြစ်လည်း မတ်စ်ခ်က သူ့ကိုယ်သူ ဖော်ပြလေ့ရှိပါတယ်။
ဒါပေမဲ့လည်း ထရမ့်ပ်ကတော့ လျှပ်စစ်ကားအသုံးပြုတဲ့အပေါ် ထောက်ခံသူမဟုတ်ဘဲ ဒါမျိုးကားပိုင်ဆိုင်ဖို့ ကြိုးပမ်းချက်တွေကို ပယ်ဖျက်ဖို့ရှိတယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် ထရမ့်ပ်ရဲ့ အခွန်တိုးကောက်ရေး အစီအစဉ်တွေနဲ့ အတိုးနှုန်းလျှော့ချမယ့် လမ်းကြောင်းအပေါ် ဈေးကွက်တခုလုံးက စိုးရိမ်နေတာကြောင့် ဒီလိုမျိုး ရှယ်ယာစျေး ကျဆင်းမှုကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Source : Reuters