
ယူကရိန်းသမ္မတ ဇလန်စကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်တို့ ဖေဖော်ဝါရီ ၂၈ ရက်က အိမ်ဖြူတော်တွေ့ဆုံပွဲမှာ ပြင်းပြင်းထန်ထန် စကားအချေအတင် ဖြစ်ခဲ့ပြီးနောက်မှာ ကမ္ဘာ့ခေါင်းဆောင်အများအပြားက ယူကရိန်းနိုင်ငံဘက်ကနေ ထောက်ခံကြောင်း ထုတ်ဖော် ပြသလိုက်ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူယယ်မက်ခွန်း၊ ကနေဒါဝန်ကြီးချုပ် ဂျပ်စ်တင်ထရူးဒိုး၊ ပေါ်တူဂီဝန်ကြီးချုပ် လူးဝစ္စ် မွန်တီနီဂရို၊ အိုင်ယာလန်၀န်ကြီးချုပ် မီးရှာလ်မာတင်၊ ဒိန်းမတ်ဝန်ကြီးချုပ် မက်တဲ ဖရက်ဒရစ်ခ်ဆန်၊ လတ်ဗီးယား၀န်ကြီးချုပ် အယ်ဗစ်ကာ ဆီလိညာ၊ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘနိစ်နဲ့ စလိုဗားကီးယားသမ္မတဟောင်း ဇူဇားနာ ချာပုတိုဝါ စသူတို့က ယူကရိန်းနိုင်ငံနဲ့ ယူကရိန်းပြည်သူတွေဘက်က ရပ်တည်ကြောင်း သူတို့ရဲ့ လူမှုကွန်ရက် X အကောင့်အသီးသီးကနေ ရေးသားပြောဆိုခဲ့ကြတာပါ။
ကမ္ဘာ့ခေါင်းဆောင်တွေ၊ ဥရောပသမဂ္ဂခေါင်းဆောင်တွေနဲ့ အမေရိကန်ဒီမိုကရက် ခေါင်းဆောင်တွေ အသီးသီးကလည်း ယူကရိန်းသမ္မတ ဇလန်းစကီးကို အားပေးထောက်ခံကြောင်း အသီးသီး ပြောကြားခဲ့ပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဖွှန်ဒယ်လေယန်၊ ဥရောပကော်မရှင် ဒု-ဥက္ကဋ္ဌ ကာယာ ကားလာ့စ်၊ ဂျာမနီအဓိပတိ အိုလာ့ဖ်ရှို့လ်ဇ်၊ ဆွီဒင်ဝန်ကြီးချုပ် အုလ်ဖှ်ခရစ္စတာရှုန်း၊ ချက်သမ္မတနိုင်ငံ ၀န်ကြီးချုပ် ပက်ထရာဖီယားလား၊ လစ်သူယေးနီးယားသမ္မတ ဂီတာနာစ်နောက်ဆီဒါစ်၊ နယ်သာလန်ဝန်ကြီးချုပ် ဒစ်ခ်ရှုဖ်တို့အပြင် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပယ်လိုစီ၊ အမေရိကန် အထက်လွှတ်တော်အမတ် ချပ်ခ်ရှူးမား၊ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့်တို့ကလည်း ယူကရိန်းရဲ့ဂုဏ်သိက္ခာနဲ့ အောင်ပွဲအတွက် ရပ်တည်ထောက်ခံကြောင်း အားပေးခဲ့ပါတယ်။
တဖက်မှာလည်း ယူကရိန်း-အမေရိကန် ခေါင်းဆောင်တွေ ဆွေးနွေးမှု ပျက်ပြားသွားတဲ့အပေါ် ရုရှားနဲ့ ထရမ့်ပ်ကို လိုလားသူတွေက ထောက်ခံကြောင်းပို့စ်တွေ တင်ထားကြပါတယ်။
ဟန်ဂေရီ၀န်ကြီးချုပ် ဗစ်တာအော်ဘန်ကတော့ ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးအတွက် ရဲရင့်စွာရပ်တည်ခဲ့မှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ရုရှားလုံခြုံရေးကောင်စီရဲ့ ဒုဥက္ကဋ္ဌရဲ့ X ပို့စ်မှာတော့ ဒေါ်နယ်လ်ထရမ့်ပ် ပြောတာ မှန်ကန်ကြောင်း၊ ကိယက်ဗ်ဟာ တတိယကမ္ဘာစစ်နဲ့ အလောင်းအစား လုပ်နေတာ ဆိုပြီး ရေးသားထားပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ သား ဖြစ်သူ ဒေါ်နယ်လ်ထရမ့်ပ် ဂျူနီယာ ကလည်း "ဒါက ခေါင်းဆောင်မှုပုံပါပဲ။ အမေရိကကို အမြတ်ထုတ်နေတာ” လို့ ရေးသားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ လူမှုကွန်ရက် X မှာ သူ့ကို ထောက်ခံအားပေးစကားပြော ကြားတဲ့သူတွေကို ကျေးဇူးတင်ကြောင်း ဒါဇင်နဲ့ချီတဲ့ တုံ့ပြန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Source: Reuters