
ယူကရိန်းစစ်လက်နက်ပစ္စည်းတွေအတွက် ဗြိတိန်က စတာလင်ပေါင် ၂ ဒသမ ၂၆ ဘီလီယံ ချေးငွေပေးအပ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာနဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ လက်မှတ်ထိုးခဲ့ကြပါတယ်။
ဒီချေးငွေကို ယူကရိန်းက ပေးစရာမလိုဘဲ သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကနေရတဲ့ အကျိုးအမြတ်ကနေ ပြန်ဆပ်သွားမှာဖြစ်ပါတယ်။
မတ် ၁ ရက်နေ့မှာ လန်ဒန်ကိုရောက်ရှိလာတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးကို ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပွေ့ဖက်ကြိုဆိုခဲ့ပြီး ဗြိတိန်က အပြည့်အဝထောက်ခံကြောင်း ပြောကြားခဲ့သလို၊ “ခင်ဗျားဘက်က ကျုပ်တို့ရှိတယ်” (We Stand with you) လို့ပါ ကတိပေးခဲ့ပါတယ်။
“ယူနိုက်တက်ကင်းဒမ်းနိုင်ငံတဝန်း အပြည့်အဝထောက်ခံတယ်”လို့ ဝန်ကြီးချုပ် စတာမာက ထပ်ပြောခဲ့ပြီး “ဘယ်လောက်ကြာကြာ ခင်ဗျားနဲ့ ယူကရိန်းဘက်က ကျနော်တို့ အတူရှိပါမယ်”လို့ပါ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် “လမ်းမပေါ်က ဩဘာသံတွေ ခင်ဗျားလည်း ကြားမှာပေါ့ဗျာ။ ယူနိုက်တက်ကင်းဒမ်း ပြည်သူတွေဟာ ခင်ဗျားကို ဘယ်လောက်ထောက်ခံကြောင်း လမ်းပေါ်ထွက်ပြီး ဖော်ပြနေကြတာပါ။ ဒါဟာ ခင်ဗျားနဲ့အတူ ရပ်တည်ဖို့ ကျုပ်တို့ရဲ့ အကြွင်းမဲ့ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် စတာမာက ပြောပါတယ်။
လန်ဒန်က ဝန်ကြီးချုပ်အိမ်တော် ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ ကို ရောက်ရှိလာတဲ့ ဇလန်းစကီးကို လူအုပ်ကြီးက ကြိုဆိုခဲ့ကြပါတယ်။
ဇလန်းစကီးနဲ့ ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းငြိမ်းချမ်းရေးအတွက် မတ် ၂ ရက်နေ့ လန်ဒန်မှာ တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။ သမ္မတ ဇလန်းစကီးကလည်း ဝန်ကြီးချုပ် စတာမာနဲ့ အရေးကြီးပြီး နွေးထွေးတဲ့ ဆွေးနွေးမှုမျိုးရှိခဲ့တယ်လို့ ပြောပါတယ်။
“ကျုပ်တို့ဆွေးနွေးမှုအတွင်းမှာ ယူကရိန်းနဲ့ ဥရောပတခုလုံး ရှေ့မှာရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ယူကရိန်းရဲ့ ရပ်တည်မှုခိုင်မာအောင်နဲ့ စစ်ပွဲကို တရားမျှတဲ့ပုံစံနဲ့ လုံခြုံရေးအာမခံချက်ရှိရှိ အဆုံးသတ်ဖို့ဖြစ်ပါတယ်”လို့ ဇလန်းစကီးက တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးဟာ ပြီးခဲ့တဲ့သောကြာနေ့က အမေရိကန်ကို သွားခဲ့တဲ့ခရီးစဉ်အတွင်း အိမ်ဖြူတော်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ပဋိပက္ခဖြစ်ပြီး ထရမ့်ပ်က ယူကရိန်းအတွက် အမေရိကန်ရဲ့ အထောက်အပံ့ ရုပ်သိမ်းသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပြီးနောက် ဗြိတိန်က ယူကရိန်းကို ကူညီဖို့ သဘောတူလိုက်တာပါ။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခွန်းကတော့ မတ်လ ၁ ရက်မှာ ဇလန်းစကီးနဲ့ ထရမ့်ပ် နှစ်ယောက်စလုံးကို ဆက်သွယ်စကားပြောခဲ့ပြီး တည်တည်ငြိမ်ငြိမ်ရှိကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
Source: Reuters