Home
နိုင်ငံတကာ
ထရမ့်ပ်ကို ပေးပို့သည့် ဇလန်းစကီး စာဟာ အပြုသဘောဆောင်ဟု ရုရှား ပြော
DVB
·
March 6, 2025
Photo: Nathan Howard/Reuters

ယူကရိန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲသစ်အတွက် အဆင်သင့်ဖြစ်နေကြောင်း ပြောထားတဲ့ ယူကရိန်းသမ္မတ ဇလန်စကီးဆီက စာတစောင်ကို လက်ခံရရှိထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စာထဲမှာ ယူကရိန်းဟာ ထာဝရငြိမ်းချမ်းရေးကို ပိုပြီး နီးနီးစပ်စပ် ဆောင်ကြဉ်းနိုင်စေဖို့အတွက် စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းကို အမြန်ဆုံးလာရောက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ရေးထားကြောင်း ထရမ့်ပ်က ပြောပါတယ်။

ဝါရှင်တန်ဒီစီမှာ ကျင်းပတဲ့ အမေရိကန်ကွန်ဂရက်ရဲ့ ပူးတွဲအစည်းအဝေးမှာ မိန့်ခွန်းပြောချိန်အတွင်း ထရမ့်ပ်က ဇလန်းစကီးဟာ ဒီစာကို အိမ်ဖြူတော်မှာ သမ္မတ ၂ ယောက် အကြား အချေအတင်ဖြစ်ခဲ့ရတဲ့ တွေ့ဆုံမှုအပြီး ရက်ပိုင်းအတွင်းမှာပဲ ပေးပို့ခဲ့တာကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ဟာ ရုရှားနဲ့လည်း လေးလေးနက်နက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးအတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့ ခိုင်မာတဲ့ အချက်ပြမှုတွေကိုလည်း ရရှိခဲ့ကြောင်း ထရမ့်ပ်က ပြောပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရုရှားဘက်က တုံ့ပြန်မှု မရှိသေးပါဘူး။

ယူကရိန်းသမ္မတ ဇလန်းစကီးဟာ လူမှုမီဒီယာပလက်ဖောင်း X မှာ အင်္ဂါနေ့က တင်ထားတဲ့ ပို့စ်ကို ကိုးကားပြီး မျှော်လင့်ထားသလို ဖြစ်မလာခဲ့တဲ့ ဒီတွေ့ဆုံမှုဟာ “ဝမ်းနည်းစရာ” ကောင်းပေမဲ့လည်း အခုအချိန်ဟာ “အရာရာကို မှန်ကန်အောင်လုပ်ဖို့ အချိန်ရောက်ပြီ” လို့ ပြောကြားခဲ့ပါတယ်။

အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆက်သွယ်ရေးဟာ အပြုသဘောဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

မတ် ၅ ရက်မှာတော့ ကရင်မလင်နန်းတော်က စစ်ပွဲအတွက် စေ့စပ်ညှိနှိုင်းဖို့ ဆန္ဒရှိတယ်ဆိုတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ ထရမ့်ပ်ကို ပေးတဲ့စာဟာ အပြုသဘောဆောင်တဲ့ အမြင်ရှိကြောင်း မတ် ၅ ရက်မှာ ပြောပါတယ်။

ဒါပေမဲ့ ယူကရိန်းဟာ ရုရှားနဲ့ဆွေးနွေးဖို့ တရားဝင် တားမြစ်ထားတာကြောင့် ဘယ်လိုဘယ်ပုံ လုပ်ဆောင်မယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပြောကြားခဲ့ပါတယ်။

ပက်စ်ကို့ဗ်ဟာ ၂၀၂၂ ခုနှစ်မှာ သမ္မတ ဗလာဒီမာပူတင်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့ကို ပယ်ချခဲ့တဲ့ ဇလန်းစကီးရဲ့ အမိန့်ကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013