Home
နိုင်ငံတကာ
ထရမ့်ပ် ခေါင်းဆောင်မှုအောက်တွင် ငြိမ်းချမ်းရေးယူရန် အသင့်ရှိဟု ဇလန်းစကီးပြော
DVB
·
March 5, 2025
Photo : Reuters

ဒေါ်နယ်ထရမ့်ပ်ရဲ့ “အားကောင်းတဲ့ခေါင်းဆောင်မှု” အောက်မှာ  အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးရယူဖို့  အသင့်ရှိတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မတ် ၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဘဲဥပုံရုံးခန်းမှာ အချေအတင်ဖြစ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယူကရိန်းသမ္မတက ဒီဖြစ်စဉ်အတွက် နောင်တရမိတယ်လို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်က ယူကရိန်းအတွက် စစ်ဘက်အကူအညီအားလုံး ဆိုင်းငံ့ကြောင်း ကြေညာအပြီးမှာ အခုလို ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဇလန်းစကီးဟာ စားပွဲဝိုင်းပေါ်လာဖို့ အသင့်မဖြစ်သေးဘူးလို့ ထရမ့်ပ်က စွပ်စွဲခဲ့အပြီးမှာ ဇလန်းစကီးက “ကိစ္စတွေမှန်ကန်အောင်လုပ်ဖို့ အချိန်ကျပြီ” လို့ ပြောခဲ့ပါတယ်။

ယူကရိန်းခေါင်းဆောင်က စစ်ပွဲအဆုံးသတ်နိုင်အောင် မြန်မြန်လုပ်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

ပထမအဆင့်အနေနဲ့ အကျဉ်းသားတွေလွှတ်ပေးပြီး ဝေဟင်မှာ အပစ်ရပ်ရမယ်၊ ဒုံးကျည်တွေ၊ တာဝေးသွား ဒရုန်းတွေ၊ စွမ်းအင်နဲ့ အရပ်ဘက်အဆောက်အအုံတွေပေါ်ဗုံးကြဲမှုတွေ အရင်ရပ်နိုင်တယ်လို့ ဆိုပါတယ်။ ပင်လယ်ပြင်မှာလည်း ရုရှားက သဘောတူရင် အပစ်ရပ်နိုင်တယ်လို့ ရေးထားပါတယ်။

အဲဒီကမှ နောက်အဆင့်တွေကို မြန်မြန်ဆက်သွားပြီး အားကောင်းတဲ့ အပြီးသတ် သဘောတူညီချက်ယူဖို့ အမေရိကန်နဲ့ လက်တွဲလုပ်နိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ဆွေးနွေးမှုဟာ ဖြစ်သင့်သလို မဖြစ်ခဲ့ဘဲ ဒီလိုဖြစ်သွားခဲ့ရတာ နောင်တရမိတယ်လို့ ရေးထားပါတယ်။

ဝါရှင်တန် ဆွေးနွေးပွဲတုန်းက လက်မှတ်မထိုးဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ သယံဇာတ သဘောတူညီချက် လက်မှတ်ထိုးဖို့လည်း ယူကရိန်းဘက်က အသင့်ရှိတယ်လို့ ဆိုပါတယ်။

ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးကို ထိန်းသိမ်းဖို့ အမေရိကန်က ကူညီပေးခဲ့သမျှကိုလည်း တကယ်တန်ဖိုးထားတယ်လို့ ဆိုပါတယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ ထရမ့်ပ် မိန့်ခွန်းမပြောမီ နာရီပိုင်းအလိုမှာ ဒီလိုမျိုး လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013