Home
နိုင်ငံတကာ
ယူကရိန်းစစ်ရေးအကူအညီအားလုံး ရောက်ရာနေရာတွင် ရပ်တန့်ရန် ထရမ့်ပ်အမိန့်ထုတ်
DVB
·
March 4, 2025
Photo : U.S. NETWORK POOL

ယူကရိန်းအတွက် အမေရိကန်စစ်ဘက်အကူအညီအားလုံး ဆိုင်းငံ့လိုက်ပြီလို့ အိမ်ဖြူတော် တာဝန်ရှိသူက  ဒေသစံတော်ချိန် မတ်လ ၃ ရက် (မြန်မာစံတော်ချိန် ၄ ရက်) မှာ အတည်ပြုလိုက်ပါတယ်။

ယူကရိန်းအတွက် စစ်ရေးအကူအညီအားလုံး ရောက်ရာနေရာမှာ ရပ်တန့်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကာကွယ်ရေးဝန်ကြီးကို တိုက်ရိုက်အမိန့်ပေးတာလို့လည်း သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့ ပြီးခဲ့တဲ့ သောကြာနေ့က ဘဲဥပုံရုံးခန်းမှာ ပြဿနာဖြစ်ခဲ့အပြီး အခုလိုဆိုင်းငံ့ခဲ့တာ ဖြစ်ပါတယ်။

အကူအညီတွေကို ဆိုင်းငံ့လိုက်ကြောင်းနဲ့ အကူညီတွေဟာ အဖြေရှာဖို့ ပံ့ပိုးပေးနိုင်တာ သေချာစေရေး ပြန်လည်သုံးသပ်နေတယ်လို့ ထရမ့်ပ်အစိုးရ တာဝန်ရှိသူတယောက်ရဲ့ စကားကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။

ယူကရိန်းခေါင်းဆောင်ဘက်က ငြိမ်းချမ်းရေးအတွက် သဘောရိုးနဲ့ သန္နိဋ္ဌာန်ချထားတယ်ဆိုတာ ပြသနိုင်တယ်လို့ ထရမ့်ပ်က မဆုံးဖြတ်မချင်း အကူအညီတွေ ဆိုင်းငံ့ထားမှာဖြစ်တယ်လို့ Bloomberg နဲ့ Fox News က ဖော်ပြပါတယ်။

ဒါဟာ အကူအညီ အပြီးသတ်ရပ်စဲတာမဟုတ်ဘဲ ခဏရပ်ထားတာလို့ Fox News က ဖော်ပြပါတယ်။

ဒီလိုရပ်လိုက်တဲ့အထဲမှာ ယူကရိန်းလက်ထဲ မရောက်သေးတဲ့ အမေရိကန် စစ်လက်နက်အားလုံး ပါဝင်ပြီး လတ်တလော လမ်းခုလတ် လေယာဉ်တွေ၊ သင်္ဘောတွေပေါ်မှာ ပို့ဆောင်နေဆဲ ပစ္စည်းတွေနဲ့ ပိုလန်မှာ လွှဲပေးဖို့ရောက်နေတဲ့ လက်နက်တွေပါ ပါတယ်လို့ ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013