Home
နိုင်ငံတကာ
ယူကရိန်း ငြိမ်းချမ်းရေး ကာကွယ်ရန် မဟာမိတ်တပ်ပေါင်းစု ဖွဲ့မည်ဟု ဗြိတိန် ကြေညာ
DVB
·
March 3, 2025
Photo: Reuters

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ရုရှားရန်ကနေ ကာကွယ်ဖို့၊ အာမခံပေးဖို့ မဟာမိတ်တပ်ပေါင်းစု ဖွဲ့စည်းရေး အပါအဝင် အချက် ၄ ချက်ပါ အစီအစဉ်ကို ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ကြေညာလိုက်ပါတယ်။

ဒါပေမဲ့ အမေရိကန်ကို ပစ်ပယ်သွားမှာမဟုတ်ဘဲ ယူကရိန်း ငြိမ်းချမ်းရေးအစီအစဉ်တရပ် ရေးဆွဲပြီး အမေရိကန်ကို တင်ပြသွားဖို့ ဥရောပခေါင်းဆောင်တွေ သဘောတူခဲ့တာ ဖြစ်ပါတယ်။

အသေးစိတ်မသိရသေးပေမဲ့ မြေပြင်မပါတဲ့ ဝေဟင်နဲ့ ရေပြင် သီးသန့် တလအပစ်အခတ်ရပ်စဲရေး ပါဝင်မယ်လို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောထားပါတယ်။

နောက်ပိုင်းမှာ သဘောတူညီချက်ရရင် ဥရောပတပ်တွေ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့အတွက် တပ်စွဲတာမျိုးပါ ဖြစ်လာနိုင်တယ်လို့လည်း ပြောထားပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံတွေ သဘောတူထားသလဲ ဆိုတာတော့ မသိရသေးပါဘူး။

မဟာမိတ်တပ်ပေါင်းစု (Coalition of the willing) ဆိုတာဟာ စစ်ရေး၊ နိုင်ငံရေး သဘာဝရှိတဲ့ ရည်မှန်းချက်တခု အောင်မြင်အောင် ဖန်တီးတဲ့ နိုင်ငံစုံ ယာယီ မိတ်ဖက်ဖွဲ့မှုမျိုး ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် အမေရိကန် ဦးဆောင်တဲ့ နိုင်ငံစုံတပ်ပေါင်းစုမျိုးတွေကို သုံးတဲ့ ဝေါဟာရ ဖြစ်ပါတယ်။

“ဒီကနေ့ ကျုပ်တို့ဟာ သမိုင်းရဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေပါတယ်” လို့ စတာမာက ခေါင်းဆောင် ၁၈ ယောက် ထိပ်သီးဆွေးနွေးပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

“နှစ်ကာလများစွာ မမြင်ခဲ့ရတဲ့ ဥရောပရဲ့ အင်မတန်မြင့်မားတဲ့ ညီညွတ်မှု”မျိုးကို ပြသနိုင်ခဲ့တယ်လို့လည်း စတာမာက ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး အပါအဝင် ဥရောပခေါင်းဆောင် အများအပြားနဲ့အတူ  ဥရောပသမဂ္ဂ အကြီးအကဲတွေနဲ့ ကနေဒါဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သောကြာနေ့က အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဇလန်းစကီးတို့ အချင်းများခဲ့ပြီး နှစ်ရက်အကြာ၊ မတ် ၂ ရက်မှာ ဒီဆွေးနွေးပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။

သဘောတူညီနိုင်ခဲ့တဲ့ အချက် ၄ ချက်မှာ ပထမဆုံးအချက်တော့ ယူကရိန်းအတွက် စစ်ဘက်အကူအညီတွေ ဆက်လက်စီးဆင်းစေဖို့နဲ့ ရုရှားအပေါ် စီးပွားရေးအရ ဖိအားဆက်ပေးဖို့ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးမှာ ယူကရိန်းရဲ့ အချုပ်အခြာ အာဏာပိုင်မှုနဲ့ လုံခြုံရေးကို သေချာစေရမှာဖြစ်သလို ဘယ်လို ငြိမ်းချမ်းရေးဆွေးနွေးပွဲမဆို ယူကရိန်း တက်ရောက်ရမှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ ငြိမ်းချမ်းရေးသဘောတူညီချက် ရတဲ့အခါမှာလည်း နောင်အနာဂတ်မှာ ကျူးကျော်မှု တရပ်ရပ်ကို ဟန့်တားနိုင်ဖို့ ယူကရိန်းရဲ့ ခုခံနိုင်စွမ်းအားကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ယူကရိန်းမှာ သဘောတူညီချက်ကို ကာကွယ်ဖို့ “ဆန္ဒရှိသူများ မဟာမိတ်” အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး နောက်ဆက်တွဲ ငြိမ်းချမ်းရေးကို အာမခံချက်ပေးဖို့ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် စတာမာက ယူကရိန်းမှာ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည် ၅,၀၀၀ ကျော် ဝယ်ယူဖို့ ထပ်တိုး စတာလင်ပေါင် ၁ ဒသမ ၆ ဘီလီယံ ပံ့ပိုးဖို့လည်း ပါရှိပါတယ်။

ရုရှားပိုင်ဆိုင်မှုတွေ ထိန်းသိမ်းထားရာက ရတဲ့အမြတ်နဲ့ ပြန်ဆပ်မယ့် ပေါင် ၂ ဒသမ ၂ ဘီလီယံ အကူအညီရဲ့ အပေါ်မှာ ထပ်ပေါင်းပေးမှာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013