
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ သြဇာကြီးတဲ့ နှမဖြစ်သူ ကင်မ်ယိုးဂျုံက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ ရန်စမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေတယ်လို့ ဝေဖန်လိုက်ပြီး သူတို့ရဲ့ နျူးကလီးယား အဟန့်အတားကို တိုးမြှင့်လုပ်ဆောင်ခြင်းဟာ တရားမျှတတယ်လို့လည်း ပြောကြားကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က မတ် ၄ ရက်မှာ ဖော်ပြပါတယ်။
မတ် ၂ ရက်က တောင်ကိုရီးယားနိုင်ငံကို အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson လာရောက်ခဲ့မှုအပေါ် ကင်မ်ယိုးဂျုံက ပြစ်တင်ဝေဖန်ခဲ့ပြီး ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားနဲ့ ထိပ်တိုက်ရင်ဆိုင်ရေး မူဝါဒရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ဒီနှစ် အစိုးရသစ် ပေါ်လာလာချင်းမှာပဲ အမေရိကန်ဟာ မြောက်ကိုရီးယားအပေါ် နိုင်ငံရေးနဲ့ စစ်ရေးအရ ရန်စမှုတွေကို အရှိန်မြှင့်ပြီး အရင်အစိုးရရဲ့ ရန်လိုတဲ့မူဝါဒကို ရှေ့တန်းတင်နေပါတယ်” လို့ ကင်မ်ယိုးဂျုံက ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း ဘူဆန် ဆိပ်ကမ်းမြို့ကို အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိလာတာဟာ မြောက်ကိုရီးယားကို ဆန့်ကျင်တဲ့ အင်အားပြမှုဖြစ်တယ်လို့ တောင်ကိုရီးယားရေတပ်က တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယ ရာထူးသက်တမ်း စတင်ခဲ့တဲ့ ဇန်နဝါရီလ ကတည်းက တောင်ကိုရီးယားဆိပ်ကမ်းမှာ ဆိုက်ကပ်တဲ့ ပထမဆုံး အမေရိကန် လေယာဉ်တင်သင်္ဘောလည်း ဖြစ်ပါတယ်။
Source : Reuters