Home
နိုင်ငံတကာ
ကနေဒါထုတ်ကုန် သံနှင့် အလူမီနီယံအပေါ်  အခွန် ၂ ဆတိုးမည့် အစီအစဉ် ထရမ့်ပ် ဆိုင်းငံ့
DVB
·
March 12, 2025
Photo: REUTERS/Carlos Barria

ကနေဒါထုတ် သံမဏိနဲ့ သတ္တုတင်သွင်းမှုအပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ ၂ ဆတိုးမြှင့်မယ့် အမေရိကန်ရဲ့ အစီအစဉ်ကို နာရီပိုင်းအတွင်းမှာပဲ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

မတ် ၁၂ ရက်မှာ ကနေဒါနိုင်ငံကို ကောက်ခံဖို့ ကြေညာထားတဲ့ ရှိပြီးသားအခွန် ၂၅ ရာခိုင်နှုန်း ကတော့ စတင်အသက်ဝင်နေပြီ ဖြစ်ပါတယ်။

ထရမ့်ပ်ဘက်က အခွန်ထပ်တိုးမယ်ဆိုတဲ့ ခြိမ်းခြောက်မှုအပြီး နာရီပိုင်းအကြာမှာတင် သူ့ရဲ့ အစီအစဉ်ကို ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ကနေဒါပြည်နယ် အွန်တဲရီယိုကလည်း အမေရိကန်ပြည်နယ်တချို့ကို ထောက်ပံ့ပေးထားတဲ့ လျှပ်စစ်ဓာတ်အားအပေါ်  ၂၅ ရာခိုင်နှုန်း အခွန်ပြန်ကောက်မယ်လို့ သတိပေးခဲ့တဲ့အလျောက် အခုလိုမျိုး အချေအတင် ဖြစ်ခဲ့တာပါ။

အဲဒီနောက် အွန်တဲရီယို ပြည်နယ်ဝန်ကြီးချုပ် ဒက်ဂ်ဖို့ဒ်က မစ်ရှီဂန်၊ မင်နီဆိုးတား၊ နယူးယောက်ခ် စတဲ့ မြောက်ပိုင်းပြည်နယ်တွေအပေါ် လျှပ်စစ်အခွန်ကောက်ရေး အစီအစဉ်ကို ဆိုင်းငံ့ပေးခဲ့ပါတယ်။

ဒါပေမဲ့လည်း အမေရိကန်ဘက်က “အရှိန်မြှင့်လာမယ်ဆိုရင်” လျှပ်စစ်ဓာတ်အားကို အပြီးတိုင် ပိတ်ချလိုက်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးဆိုပြီး ဖို့ဒ်က မှတ်ချက်ပေးပါတယ်။

ဒါဟာ မြောက်အမေရိကတိုက်ရဲ့ အိမ်နီးချင်းနှစ်နိုင်ငံကြား စီးပွားရေးထိခိုက်စေနိုင်တဲ့ ကုန်သွယ်ရေးစစ်ပွဲအတွင်း နောက်ဆုံးအငြင်းပွားမှုလည်း ဖြစ်ပါတယ်။

ကနေဒါနိုင်ငံဟာ “စစ်ရေးအကာအကွယ်” ရအောင် အမေရိကန်အပေါ် မှီခိုနေတယ်လို့ ဝေဖန်ခဲ့တဲ့အပြင် ၅၁ ခုမြောက် ပြည်နယ်ပါ ဖြစ်စေချင်တယ်ဆိုပြီး ထရမ့်ပ်က ထပ်ပြောသွားပါတယ်။

တကယ်လို့ ကနေဒါသာ အမေရိကန်ပြည်နယ်အဖြစ် ပူးပေါင်းလာမယ်ဆိုရင် “အခွန်အားလုံးနဲ့ အခြားအရာတွေပါ အလုံးစုံဖယ်ရှားပေးမယ်” လို့ ဖြည့်စွက်ပြောပါတယ်။

ဒါ့အပြင် အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီကြီးတွေရဲ့ S&P 500 ရှယ်ယာအညွှန်းကိန်းဟာ တနင်္လာနေ့မှာ ၂ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းပြီးနောက် အင်္ဂါနေ့မှာ နောက်ထပ် ၀ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနင်္လာနေ့မှာ အမေရိကန်နိုင်ငံဟာ စီးပွားရေးကျဆင်းမှုဆီ ဦးတည်နေလားဆိုတဲ့ မေးခွန်းကို ထရမ့်ပ်က “အသွင်ကူးပြောင်းရေး” ကာလတခုမှာ ရောက်ရှိနေကြောင်း ဖြေဆိုခဲ့ပြီးနောက် စတော့ဈေးကွက် ကျဆင်းလာတာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013