
အမေရိကန်အစိုးရရဲ့ ရန်ပုံငွေဖြတ်တောက်မှုကြောင့် ဘင်္ဂလားဒေ့ဒုက္ခသည်စခန်းက ရိုဟင်ဂျာကလေးငယ်တွေမှာ ပြင်းထန်တဲ့ အစာရေစာငတ်မွတ်မှုတွေ မြင့်တက်လာတဲ့အကြောင်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က မတ် ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်တွေ အခြေချနေထိုင်ရာနေရာတွေမှာ ကလေးသူငယ် အာဟာရချို့တဲ့မှုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ “ကပ်ဘေး” ဖြစ်ပေါ်စေမယ့် အန္တရာယ်ကို ဖန်တီးနေသလို ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းက ကလေးသူငယ်တွေဟာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းခံရပြီးနောက်ပိုင်း အဆိုးရွားဆုံး အာဟာရချို့တဲ့မှုကို ကြုံတွေ့နေရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ UNICEF ကိုယ်စားလှယ် ရာနာ ဖလားဝါးစ်က ပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည်စခန်းတွင်း ပြင်းထန်အာဟာရချို့တဲ့မှုဟာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းကနဲ့ နှိုင်းယှဉ်ပါက အခုနှစ်မှာ ၂၇ ရာခိုင်နှုန်းကျော် တိုးလာခဲ့ပြီး နေ့စဉ် အသက် ၅ နှစ်အောက် ကလေးသူငယ် ၃၈ ယောက်ထက်မနည်း အရေးပေါ် စောင့်ရှောက်မှုခံယူနေရကြောင်းလည်း သူက ဆိုပါတယ်၊။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အစီအစဉ်တွေရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ မတ် ၁၀ ရက်က ကြေညာခဲ့တာဖြစ်ပြီး မစ္စဖလားဝါးစ်ကတော့ ရိုဟင်ဂျာ ကလေးသူငယ်တွေ အာဟာရချို့တဲ့မှုအတွက် ရန်ပုံငွေထောက်ပံ့မှုတွေဟာ အခုနှစ် ဇွန်လထဲမှာ ကုန်သွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။
ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ ၂၀၁၇ ခုနှစ်ကတည်းက မြန်မာစစ်တပ်ရဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုတွေကြောင့် ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင် ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားတာဖြစ်ပြီး အဲဒီထဲက ၅ သိန်းလောက် ကတော့ ကလေးသူငယ်တွေ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေမှာ အစားအသောက် ရိက္ခာခွဲတမ်း ရရှိနိုင်မှုတွေက အရေးကြီးတဲ့ အခြေအနေကို ရောက်ရှိနေပြီဖြစ်သလို ရန်ပုံငွေဖြတ်တောက်မှု အကျိုးဆက်တွေကြောင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေဟာလည်း သူတို့ရဲ့ ရင်သွေး ငယ်တွေနဲ့အတူ ထိခိုက်နိုင်ဆုံးသူတွေထဲ ပါဝင်လာမှာဖြစ်တယ်လို့ မစ္စ ဖလားဝါးစ်က အလေးပေးပြောကြားထားပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ UNICEF ကိုယ်စားလှယ်က အာဟာရချို့တဲ့မှု မြင့်တက်လာမှုကို တွန်းအားပေးနေတဲ့ အကျပ်အတည်း အများအပြားကို မီးမောင်းထိုးပြခဲ့ပြီး အဲဒီထဲမှာတော့ မုတ်သုံရာသီဟာ အရင်နှစ်ထက် ပုံမှန်မဟုတ်တဲ့ ရှည်လျားတဲ့ ရာသီဖြစ်တာကြောင့် ဒုက္ခသည် စခန်းတွေထဲက သန့်ရှင်းရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေကာ ကလေးသူငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ ဖြစ်ပွားလာစေနိုင်တယ်လို့လည်း ပြောပါတယ်။
ဒုက္ခသည်စခန်းက မိသားစုတွေဟာ မြန်မာနိုင်ငံကို လုံခြုံစွာ အိမ်မပြန်နိုင်သေးကြောင်းလည်း သူက အခိုင်အမာ ပြောကြားလိုက်သလို သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဥပဒေအရ အလုပ်လုပ်ကိုင်ခွင့်မရှိတာကြောင့် အကူအညီတွေကို မှီခိုအားထားနေရတယ်လို့လည်းဆိုပါတယ်။
“ရေရှည်တည်တံ့တဲ့ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့က ရွေးချယ်ခွင့် မရှိပါဘူး။ မရှိမဖြစ်လိုအပ်ပါတယ်”
ဒါ့အပြင် အခုသီတင်းပတ်ထဲမှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး ကော့ဇ်ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေပါတယ်။