Home
နိုင်ငံတကာ
ယူကရိန်းနှင့် အမေရိကန် အကြီးတန်းအရာရှိများ ဆော်ဒီတွင် ဆွေးနွေးမည်
DVB
·
March 11, 2025
Photo : CCTV, CGTN

ဆော်ဒီအာရေဗျနိုင်ငံ ဂျဲ့ဒါမြို့မှာ ယူကရိန်းနဲ့ အမေရိကန် အကြီးတန်းအရာရှိတွေ မတ် ၁၁ ရက်မှာ တွေ့ဆုံဆွေးနွေးကြဖို့ရှိနေပါတယ်။

ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ အိမ်ဖြူတော်က ဘဲဥပုံရုံးခန်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ဒုသမ္မတ JD ဗန့်စ်နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးတို့ အပြင်းအထန် စကားများခဲ့အပြီး ခုလိုဆွေးနွေးတာလည်း ဖြစ်ပါတယ်။

ဆွေးနွေးပွဲမတိုင်မီ ဇလန်းစကီးနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုတို့ဟာ ဆော်ဒီအိမ်ရှေ့မင်းသားလည်းဖြစ်၊ ၀န်ကြီးချုပ်လည်းဖြစ်သူ မိုဟမ်မဒ် ဘင် ဆယ်လ်မန် အယ်လ်ဆွတ်ဒ်နဲ့ မတ် ၁၀ ရက်က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်းကြား ပဋိပက္ခအဆုံးသတ်ရေးအတွက် ယူကရိန်းက ရုရှားကို အကြီးအကျယ် လိုက်လျောဖို့ ဆန္ဒရှိမရှိ အမေရိကန်က အကဲဖြတ်မယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ယူကရိန်းက ထရမ့်ပ်အစိုးရနဲ့ ဆက်ဆံရေးကို မြှင့်တင်ချင်တဲ့ အရိပ်အယောင်တွေ ပြမပြကိုလည်း အမေရိကန်က အာရုံစိုက်မှာပါ။

ယူကရိန်းက တစိတ်တပိုင်း အပစ်အခတ်ရပ်စဲရေး အဆိုပြုမှာဖြစ်ပြီး စေ့စပ်ညှိနှိုင်းရာမှာ တိုးတက်မှုရှိရင် ယူကရိန်းဆီ ထောက်လှမ်းရေး သတင်းအချက်အလက် ခွဲဝေမှုနဲ့ လက်နက်အထောက်အပံ့တွေကို ဆိုင်းငံ့ထားတဲ့ ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့ အမေရိကန်က တွန်းအားပေးမယ်လို့ မျှော်လင့်တဲ့အကြောင်း Financial Times သတင်းဌာနက ဖော်ပြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းနဲ့ ထောက်လှမ်းရေး သတင်းအချက်အလက် မျှဝေမှု ပြန်စဖို့ အကြောင်းရှိတယ်၊ သက်ဆိုင်ရာ ကိစ္စရပ်တွေကို အလေးအနက်ထားဖို့ ယူကရိန်းကို တိုက်တွန်းခဲ့တယ်လို့ ထရမ့်ပ်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အမေရိကန်နဲ့ ယူကရိန်းအရာရှိတွေအကြား ဆွေးနွေးမှုတွေအပေါ် အကောင်းမြင်ထားပြီး ယူကရိန်းက အမေရိကန်ကို သတ္တုတွင်းထွက် အရင်းအမြစ်တွေ တူးဖော်ခွင့်ပေးမယ့် သဘောတူညီချက်တရပ် လက်မှတ်ထိုးမယ်လို့လည်း ယုံကြည်နေကြပါတယ်။

ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေး အမြန်ဆုံးရဖို့ အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ အမြဲတမ်း လုပ်ဆောင်နေတယ်လို့ ယူကရိန်းက ပြောထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013