Home
မြန်မာသတင်း
အမေရိကန်နှင့် ယူကေနိုင်ငံသားတချို့ မြန်မာပြည်ဘက်တွင် စစ်သင်တန်းပေးနေဟု အိန္ဒိယပြော
DVB
·
March 11, 2025

အမေရိကန်နဲ့ ယူကေနိုင်ငံတွေက နိုင်ငံခြားသားတွေဟာ သူပုန်တွေကို စစ်လက်နက်သင်တန်းတွေ ပို့ချပေးနိုင်ဖို့ အိန္ဒိယနိုင်ငံကတဆင့် မြန်မာနိုင်ငံအတွင်းကို ဖြတ်ကျော်ဝင်ရောက်နေကြတယ်လို့ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် လာဒူဟိုးမားက ပြောတဲ့အကြောင်းThe Times of India သတင်းမှာ ဖော်ပြပါတယ်။

မတ် ၁၀ ရက် မနေ့က ကျင်းပတဲ့ မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ သူက ခုလို ပြောလိုက်တာဖြစ်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့ကို ဘယ်နေရာမှာ စစ်သင်တန်းပေးနေတယ် ဆိုတာကိုတော့ သတင်းမှာ အသေးစိတ် ဖော်ပြထားတာ မရှိပါဘူး။

ပြီးခဲ့တဲ့နှစ် ဇွန်လကနေ ဒီဇင်ဘာလအတွင်း အိုက်ဇောကို နိုင်ငံခြားသား ၂,၀၀၀ နီးပါး လာရောက်လည်ပတ်ခဲ့ကြပေမဲ့ သူတို့ကို လမ်းမတွေပေါ်မှာ မတွေ့ခဲ့ရသလို သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်းရေးတွေမှာ ဝင်ရောက်စွက်ဖက်ဖို့ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ဖို့ ဖြစ်တာကြောင့် စိုးရိမ်စရာဖြစ်နေတဲ့အကြောင်းလည်း ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာ့ပဋိပက္ခတွေမှာ တရုတ်နဲ့ အမေရိကန်နိုင်ငံတွေက ပါဝင် လာနေတာကြောင့် အိန္ဒိယအနေနဲ့ နယ်စပ်ဒေသတွေရဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ပြောလိုက်သလို သိပ်မကြာသေးခင်က ကြိုတင်အသိပေးခြင်း မရှိဘဲ မီဇိုရမ်ပြည်နယ်ဆီ အိန္ဒိယနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး လာရောက် လည်ပတ်မှုက အံ့အားသင့်စရာဖြစ်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနကတော့ မဏိပူရ၊ နာဂလန်းနဲ့ မီဇိုရမ်နယ်စပ်တလျှောက် နိုင်ငံခြားသားတွေ သွားလာလှုပ်ရှားမှုကို စောင့်ကြည့်ဖို့အတွက် ပြန်လည်ပြဋ္ဌာန်းထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မီဇိုရမ်ပြည်နယ်မှာ  ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း မြန်မာနိုင်ငံဘက်ကို တရားမဝင် နယ်စပ် ဖြတ်ကျော်ဝင်ရောက်ခဲ့တယ်လို့ သံသယရှိတဲ့ ဘယ်လ်ဂျီယံ နိုင်ငံသား ဓာတ်ပုံသတင်းထောက်တယောက် ဖမ်းဆီးခံခဲ့ရတဲ့အကြောင်း Belga News Agency သတင်းမှာ ဖော်ပြပါတယ်။

Source : The Times of India

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013