Home
နိုင်ငံတကာ
အာဂျင်တီးနားတွင် ရေကြီးပြီး ၁၆ ဦးသေဆုံး၊ ဒေသခံထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
DVB
·
March 11, 2025
Photo : TN/CANAL13

အာဂျင်တီးနား ဆိပ်ကမ်းမြို့ ဘာဟီယာ ဘလန်ကာမှာ မတ် ၇ ရက်က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတခုကြောင့် အနည်းဆုံး လူ ၁၆ ယောက်ထက်မနည်း သေဆုံးပြီး မြို့ရဲ့ ၄၀ ရာခိုင်နှုန်းမှာ လျှပ်စစ်နဲ့ ရေ ပြတ်တောက်နေကြောင်း ပြည်တွင်းမီဒီယာတွေက မတ် ၁၀ ရက်မှာ ဖော်ပြပါတယ်။

ဒေသတွင်းမှာ မိုးရေ ၄၀၀ မီလီမီတာကျော် ရွာချခဲ့ကြောင်း ဒေသအာဏာပိုင်တွေ အတည်ပြုခဲ့ပြီး နေထိုင်သူ ၁,၄၄၃ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။

လူအယောက် ၁၀၀ ကျော် ပျောက်ဆုံးနေကြောင်း သတင်းရရှိထားလို့ အရေးပေါ် ရှာဖွေရေးတွေ လုပ်ဆောင်နေပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။

သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်တဲ့အနေနဲ့ အာဂျင်တီးနားအစိုးရဟာ ၃ ရက်ကြာ နိုင်ငံတော် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ကြေညာပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်း ပံ့ပိုးပေးဖို့ အရေးပေါ်အကူအညီအတွက် ပီဆို ၁၀ ဘီလီယံ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ သန်း) ပေးအပ်ခဲ့ပါတယ်။

ဘာဟီယာဘလန်ကာ မြို့တော်ဝန် ဖယ်ဒယ်ရီကို ဆူစ်ဘီယဲလပ်စ်က ပျက်စီးဆုံးရှုံးမှု အတိုင်းအတာကို မိန့်ခွန်းပြောကြားခဲ့ပြီး ပြန်လည်တည်ဆောက်ရေး ကုန်ကျစရိတ်ဟာ ပီဆို ၄၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၇၅ သန်း) ကျော်လွန်မယ်လို့ ခန့်မှန်းထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013