Home
နိုင်ငံတကာ
မုန်တိုင်းကြောင့် သြစတြေးလျတွင် မိုးသည်းထန်ပြီး အိမ်ခြေ ၃၀၀,၀၀၀ နီးပါး မီးပြတ်
DVB
·
March 10, 2025
Photo : AUSTRALIAN BRADCASTING CORPORATION / SEVEN NETWORK

အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း အယ်လ်ဖရက်ဒ် ဝင်ရောက်တိုက်ခတ်ပြီးနောက် ဩစတြေးလျနိုင်ငံမှာ အိမ်ထောင်စုနဲ့ စီးပွားရေးလုပ်ငန်း ၃ သိန်းနီးပါးဟာ လျှပ်စစ်မီးပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။

အဲဒီ မုန်တိုင်းနောက်ဆက်တွဲအဖြစ် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ဘရစ္စဘိန်း၊ ဂိုးလ်ဒ်ကို့စ်၊ လိုဂန်နဲ့ အစ်ပ်ဝစ်ချ်စတဲ့ မြို့ဧရိယာတွေမှာ ရုတ်တရက် ရေကြီးနိုင်​တဲ့ သတိပေးချက်တွေပါ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ရေနဲ့ဝေးတဲ့ အမြင့်ပိုင်းနေရာတွေကို ဒေသခံပြည်သူတွေ ပြောင်းရွှေ့ကြဖို့နဲ့  အခြေအနေ ပိုဆိုးလာရင် ချက်ချင်းစွန့်ခွာနိုင်အောင် အသင့်ပြင်ထားဖို့အတွက် တိုက်တွန်းခဲ့ ပါတယ်။

ဒီရေကြီးရေလျှံမှုကနေ အသက် ၆၁ နှစ်အရွယ် အမျိုးသားတယောက်ရဲ့ ရုပ်အလောင်းကို ရှာတွေ့ခဲ့တဲ့အတွက် သေဆုံးသူရှိလာခဲ့ပြီး နောက်ထပ် ၄ ယောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

သီးခြားဖြစ်ရပ်တခုအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ သွားတဲ့လမ်းမှာ ယာဉ်တိမ်းမှောက်ခဲ့တာကြောင့် စစ်သား ၁၂ ယောက်လောက် ဆေးရုံတင်လိုက်ရပါတယ်။

အဲဒီထဲက ၂ ယောက်ရဲ့ အခြေအနေကို စိုးရိမ်ရကြောင်း ဖော်ပြထားသလို ဒဏ်ရာရသူ စုစုပေါင်းဟာလည်း ၃၉ ယောက်အထိ တက်လာခဲ့ပါတယ်။

ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်နီကတော့  ဆက်လက်ဖြစ်ပေါ်နိုင်တဲ့ ရာသီဥတုဆိုးရွားမှုနဲ့ ရေလွှမ်းမိုးမှု အန္တရာယ်တွေအကြောင်း ဒေသခံတွေကို သတိပေးခဲ့ပါတယ်။

“လာမယ့်ရက်တွေမှာ မိုးသည်းထန်စွာရွာသွန်းမှု၊ ပင်လယ်ရေလှိုင်းမြင့်တက်မှုနဲ့ လေပြင်း တိုက်ခတ်မှုတွေကြောင့် ကွင်းစ်လန်းနဲ့ နယူးဆောက်သ်ဝေးလ်စ် မြောက်ပိုင်းရဲ့ အခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာအဖြစ် ဆက်ရှိနေသေးတယ်” ဆိုပြီး အယ်လ်ဘန်နီက မှတ်ချက်ပြုပါတယ်။

ဩစတြေးလျ မိုးလေဝသဌာနကတော့ မုန်တိုင်းသင့်ဒေသရဲ့  မိုးရေချိန်ကို မီလီမီတာ ၇၀၀ အထိ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013