Home
နိုင်ငံတကာ
အင်ဒိုနီးရှားတွင် မိုးသည်းထန် ရေကြီးမှုကြောင့် လူထောင်ပေါင်းများစွာ ရွှေ့ပြောင်း
DVB
·
March 5, 2025
Photo: REUTERS/Ajeng Dinar Ulfiana

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာနဲ့ သူ့အနီးတဝိုက်ရှိ မြို့ငယ်လေးတွေမှာ မတ် ၄ ရက်က ရေလွှမ်းမိုးမှုတွေကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး လာမယ့်ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။

မတ် ၃ ရက်ကတည်းက မရပ်မနား မိုးရွာသွန်းခဲ့တာကြောင့် မြို့တော် ဂျကာတာနဲ့ အနီးတဝိုက်မှာ ၃ မီတာအထိ ရေလွှမ်းမိုးခဲ့ကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် အေဂျင်စီက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တချို့လမ်းတွေ ပိတ်ဆို့သွားပြီး အိမ်ခြေ ၁,၀၀၀ ကျော်နဲ့ ကားအမြောက်အမြား နစ်မြုပ်ခဲ့ပါတယ်။

အရှေ့ဘက်ခြမ်း ဘကာစီမြို့ရှိ ဆေးရုံတရုံကိုလည်း ရေတွေဝင်ရောက်လာခဲ့ပြီး တချို့လူနာဆောင်တွေ ရေနစ်မြုပ်သွားတာကြောင့် လူနာတွေကို တခြားအဆောက်အအုံတွေဆီ မဖြစ်မနေ ရွှေ့ပြောင်းပေးခဲ့ရပြီးတော့ ဆေးရုံရဲ့ တခြားနေရာတွေမှာလည်း လျှပ်စစ်မီး ပြတ်တောက်ခဲ့ပါတယ်။

ဘကာစီမြို့ရှိ အိမ်ရာအဆောက်အအုံတခုမှာ မနက် ၄ နာရီကတည်းက ရေကြီးရေလျှံမှုတွေအတွင်း ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်ဖို့အတွက် ကယ်ဆယ်ရေးသမားတွေဟာ ပေါင်အထိမြင့်တဲ့ ရေတွေပေါ်ကနေ ရော်ဘာလှေတွေကို မောင်းနှင်ခဲ့ကြတယ်လို့ ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။

ရေတက်တာဟာ အရမ်းမြန်ဆန်ပြီး ဘာပစ္စည်းမှ သိမ်းဆည်းဖို့ အချိန်မရှိလိုက်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လူဦးရေ သန်း ၃၀ ကျော် နေထိုင်တဲ့ ဂရိတ်တား ဂျကာတာ မြို့ပြဧရိယာဟာ ရေကြီးမှုဒဏ်ကို ပုံမှန်ခံစားနေကြရတာပါ။

ဒါပေမဲ့ ပြည်တွင်းမီဒီယာတချို့ကတော့ လက်ရှိအခြေအနေ အထူးသဖြင့် ဘကာစီမြို့မှာ ၂၀၂၀ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024