ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်ဂိုဏ်းတွေမှာ ခိုင်းစေခံရတဲ့ နိုင်ငံခြားသား ၇,၁၀၀ ကျော် ၊ ကရင်ပြည်နယ်၊ မြဝတီမှာ သောင်တင်နေဆဲဖြစ်ပြီး ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မှာ အင်ဒိုနီးရှား နိုင်ငံသားအယောက် ၉၀ လောက်ကို မြန်မာဘက်ကနေ ထိုင်းနိုင်ငံဘက် လွှဲပေးလိုက်ပါတယ်။
မြဝတီမြို့နယ်မှာရှိတဲ့ ကျားဖြန့်ရာဇ၀တ်ဂိုဏ်းတွေ လည်ပတ်လုပ်ကိုင်နေတဲ့ နယ်မြေဧရိယာဝင်းတွေကို နိုင်ငံစုံဝင်ရောက်ခဲ့ပြီး ကရင်နယ်ခြားစောင့်တပ် (BGF)က နိုင်ငံပေါင်း ၂၈ နိုင်ငံက နိုင်ငံခြားသား ၇,၁၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်မှာ ရိုက်တာနဲ့ စကားပြောခဲ့ကြတဲ့ ထိုင်းလုံခြုံရေး အရာရှိတွေက ပြောပါတယ်။
ကယ်ဆယ်ခံရသူတွေထဲမှာ တရုတ်နိုင်ငံသား ၄,၈၆၀ ယောက် ပါဝင်ပြီး ဗီယက်နမ်လူမျိုး ၅၇၂ ယောက်နဲ့ အိန္ဒိယနိုင်ငံသား ၅၂၆ ယောက်တို့ ပါဝင်သလို အာဖရိကနိုင်ငံအသီးသီးကလည်း အယောက် ၅၀၀ ကျော် ပါဝင်ပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်ဒီနေ့မှာ မြန်မာကနေ အင်ဒိုနီးရှားနိုင်ငံသား ၉၄ ယောက်ကို ထိုင်းနိုင်ငံကို လွှဲပြောင်းပေးလိမ့်မယ်လို့လည်း တာဝန်ရှိသူတယောက်က ပြောပါတယ်။ DVB ရဲ့ နယ်စပ် သတင်းရင်းမြစ်ကတော့ ဒီကနေ့ အင်ဒိုနီးရှားနိုင်ငံသား အမျိုးသား အယောက် ၇၀ နဲ့ အမျိုးသမီး ၁၄ ယောက် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကနေ ပြန်လွှဲပေးခဲ့တယ်လို့ ပြောပါတယ်။
သူတို့ကို ထိုင်းလေဆိပ်ဆီ ဘတ်စ်ကားနဲ့ ခေါ်ဆောင်သွားမှာဖြစ်ပြီး နောက်တနေ့မှာ အင်ဒိုနီးရှားကို စင်းလုံးငှားလေယာဉ်နဲ့ ပြန်ပို့ပေးမှာ ဖြစ်ပါတယ်။
လူထောင်သောင်းချီ လူကုန်ကူးခံထားရတဲ့ မြန်မာ နယ်စပ်ရှိ ကျားဖြန့် ငွေလိမ်စင်တာတွေနဲ့ တရားမဝင် အွန်လိုင်းလုပ်ငန်းတွေကို လတ်တလော ရက်သတ္တပတ်တွေအတွင်း တရုတ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့မှ အာဏာပိုင်တွေက ပူးပေါင်းတိုက်ဖျက်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။
Source : Reuters