Home
မြန်မာသတင်း
မြဝတီမှ မဲဆောက်သို့ စက်သုံးဆီ သွားရောက်ဝယ်ယူသူ များပြား
DVB
·
February 26, 2025
Photo-Myo Naing

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှ ထိုင်းဘက်ခြမ်းမဲဆောက်မြို့ကို စက်သုံးဆီ ကားတွေနဲ့ လာရောက် ဆီဝယ်ယူသူများပြားနေပြီး အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်မှာ ကားများစွာ ပိတ်မိနေတယ်လို့ ယာဉ်မောင်းတွေထံကနေ  သိရပါတယ်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်ကစတင်ပြီး ကျားဖြန့်နှိမ်နှင်းရေး အကြောင်းပြချက်နဲ့ ထိုင်းအာဏာပိုင်တွေက မြဝတီမြို့ကို ပေးပို့နေတဲ့ စက်သုံးဆီ၊ လျှပ်စစ်မီးနဲ့ အင်တာနက် ဖြတ်တောက်လိုက်ချိန်မှစပြီး စက်သုံးဆီရရှိဖို့ မော်တော်ယာဉ်တွေက မဲဆောက်မြို့ကို ကမ်းကူးပြီး စက်သုံးဆီသွားရောက် ဝယ်ယူနေကြရတာပါ။

ယာဉ်မောင်းတယောက်က “အရင်က ကမ်းကူးသမားတွေကို ပို့ဆောင်ပေးတာ၊ အခုက လူလည်း အသွားအလာနည်းတော့ ဆီထုတ်ရောင်းနေတာ။ အခုရက် ဆီစျေးကျတော့ နှစ်ခေါက်လောက်ပဲ အသွားအပြန်လုပ်ပြီး ဆီပြန်ရောင်းတာ။ ဆီသွားထုတ်တဲ့ ကားတွေကလည်းများတော့ ဆီပြန်ဝယ်တဲ့သူလည်း နည်းလာပြီ”လို့ ပြောပါတယ်။

မဲဆောက်မြို့မှာ ကား တစီးကို  စက်သုံးဆီ လီတာ ၄၀ ဝယ်လို့ရပြီး ဘတ် ၁၄၅၀ ကုန်ကျကာ နယ်စပ်တံတား အသွားအပြန် တံတားဖြတ်သန်းခ ဘတ် ၂၀၀ ပေးဆောင်ရပြီး မြဝတီမှာ ပြန်လည်ရောင်းချပါက လီတာ ၂၀ ဆန့် ပုံးကို ဘတ် ၁၃၀၀ ရရှိတယ်လို့ ဆိုပါတယ်။

မြဝတီ မြို့ခံတယောက်က “ကျမတို့က အိမ်သုံးအတွက်သွားဝယ်တာ ပြန်ရောင်းမယ့် သူတွေကြောင့် တန်းစီရတာ အချိန်အတော်ပေးရတယ် အရင်ကဆို ကားနဲ့ကမ်းကူးရင် ခဏပဲ။ အခုကျ မနက်အစောကြီးထပြီး တန်းစီရတယ်။ မဲဆောက်ဘက်မှာကျ အဲ့လောက်မကြာဘူး။ မြဝတီတံတားထပ်မှာဆို ၂ နာရီကျော်လောက် တန်းစီရတယ်။ တံတားဖြတ်ခကလည်း အရင်က ၆၀ ပဲ အခုကျ ၂၀၀ ဘတ်ပေးရတယ်”လို့  ပြောပါတယ်။

စက်သုံးဆီအများစုကို လောင်းကစားရုံတွေက မီးစက်အသုံးပြုဖို့ ဝယ်ယူပြီး ဒေသအခေါ် အောက်ဆီမော်လမြိုင်ဘက်မှတင်ပို့လာတဲ့ စက်သုံးဆီတွေ ရောက်ရှိပါက စက်သုံးဆီ အဝယ်မရှိတဲ့  ရက်တွေလည်းရှိတယ်လို့  သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013