Home
မြန်မာသတင်း
ငါးသိုင်းချောင်းတွင် အုပ်ချုပ်ရေးမှူးထောက်ခံစာဖြင့်သာ စက်သုံးဆီဝယ်ယူခွင့်ရ
DVB
·
February 23, 2025
Photo: Mg Mg

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ပါမှ စက်သုံးဆီ ဝယ်ယူလို့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ပြီး ငါးသိုင်းချောင်းမြို့က ဘယ်စက်သုံးဆီ အရောင်းဆိုင်မှာမဆို ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်ပါမှ စက်သုံးဆီ ဝယ်ယူခွင့်ရတော့တယ်လို့ သိရပါတယ်။

ဒေသခံ ဆိုင်ကယ်ကယ်ရီသမားတယောက်က “သွားဝယ်တာမရဘူး။ ထောက်ခံစာပါလား မေးတာ။ မသိလို့ ဘာထောက်ခံစာလဲ မေးတော့မှသိရတာ။ စက်သုံးဆီဝယ်ယူခွင့် ထောက်ခံစာလို့ပြောတာ။ အုပ်ကြီး ထောက်ခံစာပါမှ ရောင်းပေးတာ။ မပါရင်လုံးဝမရဘူး” လို့ ပြောပါတယ်။

အဲဒီ စက်သုံးဆီဝယ်ယူခွင့် ထောက်ခံစာကိုလည်း ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ တရွက်ကျပ် ၅,၀၀၀ နဲ့ လုပ်နေရပြီး ဝယ်ယူခွင့် သက်တမ်း ၇ ရက်ပေးထားတယ်လို့ ဆိုပါတယ်။

စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တယောက်က “ဘာကြောင့် အခုလိုလုပ်တာလဲတော့ မသိပါဘူး။ သက်ဆိုင်ရာဘက်က စက်သုံးဆီဝယ်ယူခွင့် ထောက်ခံချက်ပါမှရောင်းဖို့ ညွှန်ကြားထားတာ ရှိပါတယ်။ ကိုယ်ကတော့ လွတ်လွတ်လပ်လပ် ရောင်းချချင်တာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက စက်သုံးဆီဝယ်ယူခွင့် ကန့်သတ်ထားတဲ့အပြင် အခုရက်ပိုင်းအတွင်း ရခိုင်နဲ့ ဧရာဝတီ အဝင်အထွက်ဂိတ်တခုဖြစ်တဲ့ ရေနံ့သာ စစ်ဆေးရေးဂိတ်မှာ ဆိုင်ကယ်တွေ၊ ကားတွေ၊ လက်ကိုင်အိတ်နဲ့ လက်ကိုင်ဖုန်းတွေကိုပါ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ သိရပါတယ်။

အခု ဖေဖော်ဝါရီ ၁၈ ရက်ကလည်း ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့က ဆိုင်ကယ် ကယ်ရီသမား ၆ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ရခိုင်ဘက်ကို ကုန်စည်ပို့ဆောင်တာကြောင့်လို့ စွပ်စွဲပြီး ဖမ်းဆီးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013