
စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှာ ရောက်နေတဲ့ စစ်ဘေးရှောင် ကျန်းမာရေးဝန်ထမ်းတယောက် အပါအဝင် ၅ ယောက်ကို ဖေဖော်ဝါရီ ၁၉ ရက် ည ၂ နာရီခန့်က AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲကာ ဖမ်းဆီးသွားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူဆီက သိရပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဂွမြို့နယ်၊ ဆပ်သွားအလယ်ကျေးရွာက ကိုသိန်းဦး၊ ညောင်ချောင်းကျေးရွာက ကိုအောင်နိုင်ဦး၊ ဇီးကုန်းကျေးရွာက ကိုညီလေး၊ ဆပ်သွားတိုက်နယ်ဆေးရုံက ဓာတ်မှန်ကျွမ်းကျင် ဦးချမ်းငြိမ်းအောင်နဲ့ ချိုင်ကောက်ကျေးရွာက ကိုမိုးထက်ကျော်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူက “အဖမ်းခံရသူတွေက ရခိုင်ပြည်နယ် ဂွကနေ စစ်ရှောင်လာသူတွေပါ။ စစ်ကောင်စီတပ်က အချိန်မတော်ကြီး စစ်ဘေးရှောင်တွေ နေအိမ်တွေထဲ ဝင်ဖမ်းသွားတာ။ ဓာတ်မှန်ကျွမ်းကျင်ဝန်ထမ်း ဦးငြိမ်းချမ်းအောင် အပါအဝင် ၅ ယောက်” လို့ ပြောပါတယ်။
အဲဒီ အဖမ်းခံရတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ရေကြည်မြို့ ရဲအချုပ်ခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “ဖမ်းဆီးထားသူတွေကို တပ်က တိုက်ရိုက်စစ်ဆေးနေတယ်လို့ သိရပါတယ်။ AA တပ်သားတွေဆိုပြီး ဖမ်းတာ မှန်တယ်။ အဖမ်းခံရသူတွေက ယောကျ်ားလေးတွေချည်းပဲ” လို့ ပြောပါတယ်။
ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း၊ ဟိုင်းကြီးကျွန်း အပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ ရခိုင်ဒေသခံတွေ ဝင်လာတာကို ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးတွေက အထူးစောင့်ကြည့် စစ်ဆေးဖမ်းဆီးနေတယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ငါးသိုင်းချောင်း အမြောက်တပ် ၃၄၄ နဲ့ ၄ မိုင်ခန့်အကွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။