Home
မြန်မာသတင်း
မြဝတီမှ တရုတ်ကျားဖြန့်  အယောက် ၃၀၀  ထပ်မံ နေရပ်ပြန်ပို့  
DVB
·
February 21, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား နောက်ထပ် အယောက် ၃၀၀ ကို ဖေဖော်ဝါရီ ၂၁ ရက် ဒီကနေ့ နေရပ်ပြန်ပို့လိုက်ပြီလို့ ကရင်နယ်ခြားစောင့်တပ် (BGF)  ပြန်ကြားရေးတာဝန်မှူးက ပြောပါတယ်။

တရုတ်နိုင်ငံသားတွေကို လူသားချင်းစာနာမှုအရ ဒီမနက် ၉ နာရီလောက်ကစပြီး မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၂ ကနေ ထိုင်းနိုင်ငံဘက်ကို လွှဲပြောင်း ပို့ဆောင်ခဲ့ကာ  မဲဆောက်လေဆိပ်ကနေ တရုတ်လေယာဉ်တွေနဲ့ နေရပ်ပြန်ပို့လိုက်တာလို့ ဆိုပါတယ်။

ပြန်ပို့ခံရသူတွေ အများစုဟာ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာကြသူတွေဖြစ်ကြပြီး မြဝတီမှာရှိတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာ အဆင့်ဆင့် ငွေလိမ်သင်တန်းတွေ တက်ခဲ့ရပြီးနောက် တရုတ်ပြည်သူတွေထံကနေ ဖုန်းနဲ့ဆက်သွယ် ငွေတွေကို လိမ်ကြသူတွေ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ တရုတ်ကျားဖြန့် အယောက် ၈၀၀ ကို တရုတ်အစိုးရထံ လွှဲပြောင်းပေးသွားမှာဖြစ်ပြီး တရုတ်ကို လွှဲပြောင်းပေးဖို့အတွက် လက်ရှိ ၁,၄၆၉ ယောက် အသင့်ရှိနေတယ်လို့  BGF ပြန်ကြားရေးတာဝန်မှူးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်ကလည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို ပထမဆုံးအသုတ်အနေနဲ့ ပြန်ပို့လိုက်ပြီလို့ နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။

အဆိုပါ တရုတ်နိုင်ငံသား အယောက် ၂၀၀ ကို တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဌာနက ထိုင်းနိုင်ငံမှ တဆင့် တရုတ်နိုင်ငံသို့ ကြီးကြပ်ခေါ်ဆောင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားတွေကို ဖြေရှင်းဖို့ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့ တရားဥပဒေဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ်မြှင့်တင်နေပြီး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက် ဖော်ဆောင်နေတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013