Home
မြန်မာသတင်း
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား ၂၀၀၀ ကျော်ရှိ
DVB
·
March 8, 2025

စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အခု ၂၀၂၄-၂၅  ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၂၀၀၀ ကျော်ရှိတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးဆီက သိရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နဲ့ မာန်အောင်မြို့နယ်တို့က ကျောင်းသား ကျောင်းသူတွေဖြစ်ကြပြီး အဲဒီမြို့နယ် ၃ ခုမှာ စာစစ်ဌာန ၁၂ ခုနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသွားမယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ရခိုင်မှာ အခုနှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား ကျောင်းသူ ၂၀၉၇ ဦးဖြေဆိုခွင့် လျှောက်ထားတာရှိပါတယ်။ အဲဒီ ကျောင်းသူတွေကတော့ မြို့တော်စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တို့က ကျောင်းသားတွေဖြစ်ကြတယ်။ စာစစ်ဌာနအနေနဲ့တော့ ပညာရေး ဌာနဘက်က လောလောဆယ် စစ်တွေမှာ ၈ ခု၊ ကျောက်ဖြူမှာ ၂ ခုနဲ့ မာန်အောင်မြို့နယ်မှာ ၂ ခု လျာထားတာရှိတယ်။ ဒေသရဲ့ လုံခြုံရေးအပေါ်မူတည်ပြီးလည်း စာစစ်ဌာန အပြောင်းအလဲတွေလည်း ရှိနိုင်သေးတယ်” လို့ပြောပါတယ်။

စစ်တွေမြို့နယ်က ကျောင်းသူကျောင်းသား ၆၉၉ ယောက်၊ ကျောက်ဖြူမြို့နယ်က ၈၃၄ ယောက်နဲ့ မာန်အောင်မြို့နယ်က ၅၆၄ ယောက် တို့ စာမေးပွဲဖြေဆိုခွင့် လျှောက်ထားကြတာလို့ ပညာရေးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။

စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်တို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေလို့ စာမေးပွဲစစ်ဆေးနေတုန်းမှာ တိုက်ခိုက်တာတွေကို ခဏ ရပ်နားစေချင်တယ်လို့ စစ်တွေမြို့နယ်က ကျောင်းသား မိဘတယောက်က ပြောပါတယ်။

“တက္ကသိုလ်ဝင်တန်း စာမေးပွဲတန်းစာမေးပွဲက ရက်ပိုင်းလောက်ပဲရှိတော့တဲ့အချိန်အထိ နှစ်ဖက်ပစ်ခတ်မှုတွေက ရှိနေကြတုန်းပဲ။ ကျနော်တို့ကတော့ ကလေးတွေ စာမေးပွဲစစ်နေကြတုန်းမှာ ပစ်ခတ်မှုတွေကို ခဏရပ်ကြစေချင်တယ်။ ကလေးတွေမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုဖို့ တနှစ်ကြိုးစားထားကြရတာလည်း မလွယ်ဘူး။ အဲဒါကြောင့် ဒီစာမေးပွဲလေးတခုတော့ အေးအေးချမ်းချမ်းလည်း ဖြေဆိုစေချင်တယ်” လို့ပြောတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ မြို့နယ် ၃ ခုမှာ စာသင်ကျောင်းတွေ ဖွင့်လှစ်ထားပြီး အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၅ ခုမှာတော့ စာသင်ကျောင်းတွေ ပိတ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ် ၁၇ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပသွားမယ်လို့ မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃-၂၄ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြို့နယ် ၉ ခုမှာ ကျင်းပခဲ့ပြီး စာမေးပွဲဆိုသူ ၁၈,၀၀၀ ကျော်အထဲက ၅၂၃၂ ယောက် အောင်မြင်ခဲ့တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013