
ရှမ်း-ကယားနယ်စပ် မိုးဗြဲနဲ့ ဖယ်ခုံမြို့ကြားက နေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဒရုန်းတွေအများအပြားနဲ့ တိုက်ခိုက်နေတယ်လို့ ရှမ်းတောင် တော်လှန်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
၂၀၂၅ နှစ်စပိုင်းကတည်းက စစ်ကောင်စီဟာ မိုးဗြဲ-လွိုင်ကော်လမ်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတဲ့အတွက် ကရင်နီ၊ ရှမ်းတောင် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့မှုတွေ ရှိခဲ့ပေမဲ့ အခုရက်ပိုင်းကစပြီး ဖြစ်ပွားနေတဲ့ မိုးဗြဲ-ဖယ်ခုံကြားက နေရာတွေက တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒရုန်းအများအပြား အသုံးပြု တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၀၀၉ က စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ညောင်ရွှေမြို့နယ်၊ ဘုရားတောင်၊ ရေပူ၊ နန်းတုတ်၊ တောင်ပို့ကွဲ ကျေးရွာတလျှောက်လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ညောင်ရွှေဘက်လည်း တိုးလာလိုက် ဆုတ်သွားလိုက်နဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေပါတယ်။ ဒရုန်းတွေ အရမ်းသုံးပါတယ်။ တခါတက်လာရင် ၄ စီးလောက် တက်တာပါ။”
စစ်ကောင်စီဟာ မိုးဗြဲနဲ့ ဖယ်ခုံတိုက်ပွဲအတွင်း အသုံးပြုတဲ့ ဒရုန်းတွေမှာ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမနဲ့ အီနာဂါဗုံးသီးတွေအပြင် အဆိပ်ငွေ့ဗုံးသီးတွေပါ အသုံးပြု တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒီလို တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ တော်လှန်ရေးရဲဘော်တွေဘက်ကလည်း လိုအပ်ချက်တချို့ ရှိလာပြီး ရိက္ခာလိုအပ်ချက်တွေကို ကူညီပံ့ပိုးပေးဖို့လည်း တပ်ရင်းတပ်ဖွဲ့တွေက တောင်းဆိုထားကြပါတယ်။
IPDF ရဲ့ သတင်းရင်းမြစ်က “ညီမတို့ရှေ့မှာ စစ်ရေးတွေ တင်းမာနေတော့ အဲဒီဘက်ကိုပဲ ဖြည့်နေရလို့ ဒီလထဲ ရိက္ခာဖိုးတွေ အတော်ခက်ခဲပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ မိုးဗြဲကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ကရင်နီဘက်ကိုလည်း နေ့စဉ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသလို တိုက်ပွဲနေရာတွေကိုလည်း ဒရုန်းတွေ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေပါတယ်။