Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ် မောတောင်လမ်းပိုင်းကို ထိန်းချုပ်နိုင်ရန် စစ်ကောင်စီ ထိုးစစ်ဆင်
DVB
·
March 5, 2025

စစ်ရေးတင်းမာမှုတွေ ပြင်းထန်နေတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီက နယ်စပ် ကားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင် တိုက်ပွဲဖော်ဆောင်နေတယ်လို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ-မောတောင် ပြည်ထောင်စုကားလမ်းမမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကြား အပြန်အလှန် ထိတွေ့ တိုက်ပွဲဖြစ်နေတာ ၂ လကျော် ရှိသွားပြီလို့ ပြောပါတယ်။

တိုက်ပွဲ ၂ လတာအတွင်းမှာ နှစ်ဖက်စလုံး အထိအခိုက်များပြီးတော့ စစ်ကောင်စီဘက်က အင်အား ၄၀၀ ကျော်ဝန်းကျင်လောက်ထိ အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုကာ ပြည်ထောင်စုကားလမ်းပိုင်းကို အဓိကထိန်းချုပ်နိုင်ဖို့ စစ်ရေးလုပ်ဆောင်တာလို့ ကော်သူးလေအာမီ ပြောက်ကျားတပ်ဖွဲ့ (KTLA) ရဲ့ ပြန်ကြား‌ရေးတာဝန်ခံက ဆိုပါတယ်။

“တနင်္သာရီတိုင်းမှာက နယ်စပ်ကုန်သွယ်ရေးပေါက်က နှစ်ပေါက် ရှိတယ်။ ကော့သောင်းလမ်းပိုင်းနဲ့ ထုံခါး-မောတောင်လမ်းပိုင်းပါ။ ထုံခါး-မောတောင်လမ်းပိုင်းက မြိတ်ကနေ နေ့ချင်းပြန် သွားလို့ရတဲ့ လမ်းကြောင်းရှိတယ်။ နယ်စပ်ကုန်သွယ်ရေးလုပ်မယ်ဆို မောတောင်က ကော့သောင်းထက် ခရီးက ပိုတိုတယ်။ ဆက်သွယ်ရေးလည်း ပိုကောင်းတယ်လေ၊ ကျနော်တော့ အဲဒီလို ယူဆတယ်။”

စစ်ကောင်စီရဲ့ ကုန်းကြောင်း၊ လေကြောင်း အသုံးပြုပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြားကနေ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မောတောင်ကားလမ်းပိုင်းကို ခုခံကာကွယ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ရှေ့ဆက်မတိုးနိုင်တာကြောင့် ထုံမခါနဲ့ ညောင်ပင်ကွင်းကျေးရွာတွေမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ခဲ့ရတယ်လို့ သူက ဆက်ပြောပါတယ်။

“လမ်းကြောင်းပြန်ဖောက်တဲ့ သဘောလည်း ပါသလို ကျနော်တို့ကို ညှပ်တိုက်တဲ့သဘောလည်း ပါတာပေါ့။ သူတို့ စစ်ရေးဗျူဟာနဲ့ သူတို့သွားသလို ကျနော်တို့ဘက်ကလည်း ပြန်လည်ခုခံစစ်တွေ ပြန်လုပ်တာပေါ့။ ကျနော်တို့ ပထမ တိုက်ပွဲစဖြစ်တဲ့ ၄၊ ၅ ရက်လောက်ကဆိုရင် ဒီကောင်တွေ ထုံမခါရွာကို ရောက်လာတယ်။ ကျနော်တို့ ပြန်တိုက်ထုတ်လိုက်တော့ ညောင်ပင်ကွင်းရွာ အရှေ့ကမ်း ရွာမကြီးထဲ ပြန်ဆုတ်သွားတယ်။”

တိုက်ပွဲအတွင်းမှာ လေကြောင်းတိုက်ခိုက်ပြီး နေအိမ်တွေ မီးရှို့ခံရတာကြောင့် လူနေအိမ် အလုံး ၄၀ ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပြီး အရပ်သားပြည်သူ သေဆုံးမှုတွေတော့ မရှိခဲ့ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၈ ရက်ကစပြီး တနင်္သာရီ-မောတောင် ကားလမ်းပိုင်းက သိန်ခွန်း၊ သဲဖြူ၊ ချောင်းနှစ်ပေါက်နဲ့ ထုံခါးကျေးရွာတွေမှာ ထိတွေ့တိုက်ပွဲ စဖြစ်ပြီးနောက် စစ်ရေးတင်းမာနေကြတာလို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် အဆိုပါ ကျေးရွာအုပ်စုက ဒေသခံပြည်သူတွေ အကုန် ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အိုးအိမ်စည်းစိမ် အများအပြားလည်း ဆုံးရှုံးနေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013