Home
မြန်မာသတင်း
တောင်သာတွင် စစ်ကောင်စီတပ် ဗုံးကြဲ၊ ပြည်သူ ၆ ဦး သေဆုံးပြီး အိမ် ၃၀ ကျော် ပျက်စီး
DVB
·
March 5, 2025
Photo : တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ထဲကို စစ်ကောင်စီတပ်က မတ် ၄ ရက် ည ၁၀ နာရီခွဲ ဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် မိသားစုဝင်တွေ အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသလို လူနေအိမ်တွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူက “တောင်သာနယ်ထဲက နတ်စောင့်ရွာကို စစ်တပ်က ဂျက်ဖိုက်တာလေယာဥ်နဲ့ အကြောင်းမဲ့ ဗုံးကြဲသွားခဲ့တာပါ။ ကြဲချခံရတဲ့ဗုံးကတော့ တလုံးတည်းဆိုပေမဲ့ ရွာထဲက အိမ်တလုံးပေါ်ကို တည့်တည့်ကျလို့ မိသားစုဝင် ၅ ယောက်နဲ့ တခြားတယောက် စုစုပေါင်း ၆ ယောက် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ဗုံးချခံရတဲ့အိမ်က လူတွေဆိုရင် တစစီကိုဖြစ်သွားတယ်။ မီးလည်းလောင်ထားလို့ အရိုးစုတွေပဲ လိုက်ကောက်ပြီး ပုံးထဲထည့်ထားရတဲ့အဖြစ်ဗျာ။ ဒဏ်ရာရတဲ့သူ အရေအတွက်ကတော့ စာရင်းအရ ၂၀ ကျော်ရှိတယ်။ ရွာကပြည်သူတွေက ကြောက်ပြီး ထွက်ပြေးနေကြတော့ အတိအကျ မသိနိုင်သေးဘူး” လို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲခံရလို့ သေဆုံးသွားကြသူတွေဟာ နတ်စောင့်ကျေးရွာ ရွာခံတွေ ဖြစ်ကြတဲ့ အသက် ၇၀ ကျော် အမျိုးသားတယောက်၊ မိသားစုဝင်တွေဖြစ်ကြတဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၄ ယောက်နဲ့ အသက် ၁၃ နှစ်အရွယ် အမျိုးသားကလေးငယ် တယောက်တို့ ဖြစ်ကြပြီး လူနေအိမ် ၃၀ ကျော်လည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုကြည်စတားက “မီးက တညလုံး လောင်နေတာ၊ နောက်နေ့မနက်အထိ မငြိမ်းသေးလို့ ဝိုင်းပြီးငြှိမ်းနေကြရတယ်ဗျ။ မြေပြင် တိုက်ပွဲဖြစ်တာ မရှိဘဲနဲ့ ဂျက်ဖိုက်တာနဲ့ သက်သက်မဲ့ ဗုံးကြဲသွားခဲ့တာပါ။ နတ်စောင့်ရွာမှာ PDF စခန်းလည်း မရှိပါဘူး။ PDF တွေလည်း အခြေချနေတာ မရှိပါဘူး။ စစ်တပ်ဟာ တောင်သာနယ်ထဲက ကျေးရွာတွေကို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲနေတယ်ဆိုတာ ပြည်သူအားလုံး သိကြပြီးဖြစ်တဲ့အတိုင်းပါပဲ။ ပြည်သူကို သတ်ဖြတ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ဖက်ဆစ်တပ်က ဖျက်ဆီးနေတာဖြစ်တယ်” လို့ ပြောပါတယ်။

တောင်သာမြို့နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်ပြန်တဲ့ လေကြောင်းရန်သတိပေးချက်ကို စောင့်ကြည့်လိုက်နာပေးကြဖို့နဲ့ ရဟန်းသံဃာတော်တွေနဲ့ ပြည်သူတွေ စစ်တပ်ရဲ့လေယာဥ်သံ ကြားရင် အချက်ပေးပြီး ကြိုတင်ရှောင်ရှားနိုင်မယ့် အစီအမံတွေကို အရေးပေါ်ပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် ညပိုင်းကလည်း တောင်သာမြို့နယ်ထဲက ထန်းပင်ကန်ကျေးရွာကို ဗုံး ၂ ကြိမ် ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဓမ္မာရုံအဆောက်အအုံတလုံး၊ လူနေအိမ် ၅ လုံးနဲ့ ကျေးရွာပိုင် 200 KVA ထရပ်စဖော်မာတလုံးတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာလည်း ဇရပ်ကြီးကျေးရွာ အနောက်ဘုရားကြီးကုန်းပေါ်ကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုရားတိုက်နဲ့ ဇရပ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013