Home
မြန်မာသတင်း
ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဘာကြောင့် ကြန့်ကြာနေသလဲ 
DVB
·
March 5, 2025

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်‌က စတင်ပြီး  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲဟာ အခုဆိုရင်တော့ ၃ လပြည့်ခဲ့ပါပြီ။

တိုက်ပွဲတွေကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက လုံးဝပျက်စီးသွားပြီဖြစ်ပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်က လက်ရှိအချိန်ထိ မြို့ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးသလို အရေးကြီးတဲ့ စကခ ၂၁ ကိုလည်း ထိုးစစ်ဆင်နေဆဲ ဖြစ်ပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့၊ ကချင်ပြည်နယ် အတွင်းက ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ ကန်ပိုက်တည်၊ မိုးမောက်မြို့နဲ့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားနိုင်တာဖြစ်ပြီး စုစုပေါင်း ၁၄ မြို့အထိ ရှိပါပြီ။

အခုနောက်ဆုံး ထိုးစစ်ဆင်နေတဲ့ ဗန်းမော်တိုက်ပွဲကတော့ KIA ရဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း အချိန်အကြာမြင့်ဆုံးဖြစ်ပြီး လက်ရှိအချိန်ထိလည်း တိုက်နေရဆဲပါ။

ဗန်းမော်မြို့မှာ KIA က လေယာဉ်ကွင်း၊ တပ်ရင်းတချို့နဲ့ မြို့ပေါ်ရပ်ကွက်တချို့ကို သိမ်းဆည်းထားနိုင်ပြီ ဖြစ်ပေမဲ့  အရေးကြီးတဲ့ စကခ ၂၁ နဲ့ ကျန်နေတဲ့ တပ်ရင်းတွေကို ရရှိနိုင်ဖို့ လိုနေတာ ဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ရှည်ကြာရတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးရှိနေတာပါ။ ဗန်းမော်မြို့ဟာ ခရိုင်မြို့ကြီးဖြစ်သလို စကခ ၂၁ ရုံးစိုက်ရာမြို့လည်း ဖြစ်တာကြောင့် KIA သိမ်းပိုက်ထားတဲ့ တခြားမြို့တွေထက် စစ်ကောင်စီရဲ့ ခံစစ်အင်အားက ပိုကောင်းသလို တပ်ရင်းစခန်းတွေ၊ ကာကင်းတွေကလည်း အများအပြား ရှိနေတာပါ။

ဒီအချက်ကလည်း တိုက်ပွဲရှည်ကြာရတာတွေထဲက အကြောင်းအရင်းတခုလို့ KIA/KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ပြောရင်တော့ ဗန်းမော်လို့ပဲ ပြောကြပေမဲ့ စခန်းက အများကြီးရှိနေတာ။ အဲဒါလည်း တခုပါတာပေါ့။ နောက်တခုရှိတာက ကျနော်တို့ စစ်ဆင်ရေးလုပ်ရတဲ့ တိုက်ပွဲဖြစ်တဲ့ စစ်မြေပြင်လို့ ပြောရမှာပေါ့။ အဲဒီဧရိယာက အရမ်းကြီးကို ကျယ်ပြန့်တယ်ဗျ။ မိုင် ၂၀ ကျော် ဝန်းကျင်လောက်ရှိတာ။”

ဗန်းမော်မြို့မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စခက ၂၁၊ ခလရ ၄၇၊ ခလရ ၂၃၆၊ ခလရ ၂၃၇၊ အမတ ၃၆၆၊ သံချပ်ကာတပ်ရင်း ၇၀၀၆၊ တင့်ကားတပ်ရင်း ၅၀၀၄၊ အမှတ် ၅ ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၁၁ စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ် ၉၄၄ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၉၁၄ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၉၃၃ ထောက်ပံ့ရေးနဲ့ ပို့ဆောင်ရေးတပ်ခွဲ၊ စစ်လက်နက်ပစ္စည်းတပ်စု စခန ၆၄၁၊ အလုပ်ရုံတပ်စု စတာတွေနဲ့ ကာကင်းစခန်းတွေ အများအပြားရှိနေတာ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတာကတော့ စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို မဖြတ်နိုင်တာလို့လည်း ဆိုပါတယ်။

KIA ဆင်နွှဲခဲ့တဲ့ တခြားမြို့သိမ်းတိုက်ပွဲတွေမှာဆိုရင် ထောက်ပို့လမ်းကြောင်းအားလုံးကို ဖြတ်တောက်နိုင်ခဲ့ပေမဲ့ လက်ရှိ ဗန်းမော်တိုက်ပွဲမှာတော့ စကခ ၂၁ ထဲကို လေကြောင်းကနေ လက်နက်၊ ရိက္ခာနဲ့ စစ်ကူတွေကို စစ်ကောင်စီဘက်က တောက်လျှောက်ပို့ပေးနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

နောက်ထပ် အရေးကြီးတာကတော့ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတွေကို အများအပြား အသုံးပြုပြီး ခုခံနေတာတွေပါ။ အခုနောက်ပိုင်း စစ်ကောင်စီဘက်က အဆင့်မြင့်ဒရုန်းတွေကိုလည်း အများအပြား အသုံးပြုနေတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက  ဆိုပါတယ်။

“အခုနောက်ပိုင်းကတော့ သူတို့လည်း အတွေ့အကြုံအရပေါ့နော်။ သူတို့ရဲ့ နည်းပညာတွေသုံးပြီးမှ ဒရုန်းတွေကလည်း သူတို့ အဆင့်မြင့်တဲ့ ဒရုန်းတွေ သုံးတာပေါ့။ နောက်တခုကတော့ လေကြောင်းကလည်း နေ့တိုင်း အဆက်မပြတ် တိုက်ခိုက်မှုတွေ သူတို့ ဆောင်ရွက်နိုင်တာပေါ့။ အဲဒါတွေပေါ့။”

စစ်ကောင်စီလော်ဘီ မီဒီယာတွေမှာလည်း  ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်တာတွေနဲ့ ပတ်သက်လို့ ဖော်ပြတာတွေရှိပြီး အနီအောက်ရောင်ခြည်သုံး ကင်မရာတွေ တပ်ဆင်ထားတဲ့ ဒရုန်းတွေကိုပါ အသုံးပြုနေတာ ဖြစ်ပါတယ်။

လက်ရှိ စစ်မြေပြင်အနေအထားကို ကြည့်ရင်တော့ စစ်ကောင်စီရဲ့ ခံစစ်ဧရိယာက တဖြည်းဖြည်း ဘောင်ကျဉ်းလာနေပြီဖြစ်ပေမဲ့ လေကြောင်းနဲ့ ဒရုန်းအသုံးပြုမှု ရှိနေတာကြောင့် အလုံးစုံ သိမ်းပိုက်နိုင်ဖို့ ကြန့်ကြာနေတာလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“သူတို့ရဲ့ ဒရုန်းနည်းပညာကလည်း အဆင့်မြင့်လာတယ်။ Night vision ပါ ပါလာတယ်။ သူတို့ နည်းပညာ တဆင့်မြင့်လာတယ်ပေါ့နော်။ ဒီလို တဆင့်မြင့်လာတဲ့အတွက် KIA နဲ့ ပူးပေါင်းတပ်တွေကလည်း ပြန်ပြီးတော့ တိုက်စစ်ဆင်ဖို့ နည်းဗျူဟာအရ ပြန်ပြီးတော့ စုဖွဲ့နေတဲ့ အခြေအနေမျိုးလို့ပဲ ပြောရမှာဖြစ်ပါတယ်။”

ဒါ့အပြင် KIA အနေနဲ့ တရုတ်ကြားဝင်မှုနဲ့အတူ စစ်ကောင်စီနဲ့ တွေ့ဆုံဖို့လည်း ရှိနေတာကြောင့် ဒီတွေ့ဆုံမှုမတိုင်ခင်တော့ ဗန်းမော်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကြိုးစားလိမ့်မယ်လို့လည်း ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

လက်ရှိ စစ်ကောင်စီရဲ့ အဆင့်မြင့်ဒရုန်းအန္တရာယ်ကို ဘယ်လိုနည်းဗျူဟာနဲ့ ဖြေရှင်းမလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ စစ်ရေးကိစ္စဖြစ်တဲ့အတွက် မဖြေကြားနိုင်သေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013